ညောင်တုန်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ညောင်တုန်း ဒီဇင်ဘာ ၂၉

ဧရာဝတီဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၉) နာရီက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်ယဉ်ဆွေဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အတွင်းရေးမှူး ဒုတိယရဲမှူးကြီး အေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်တို့က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် လှိုင်ပညာအားကစားခန်းမ၌ အခမ်းအနားဒုတိယပိုင်းကိုကျင်းပရာ အ.ထ.က(၁) ကျောင်းသား‌၊ ကျောင်းသူများကအလှဆုံးပန်းများ ပွင့်ကြပြီသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက "မြန်မာပြည်မှာ စာပဒေသာဝေဆာစေ"သီချင်း၊ "ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွားကြစို့"သီချင်း၊ "ထိန်းသိမ်းစို့လေ စာပေအမွေ"သီချင်း၊ "ယဉ်ကျေးမှု စာပေအမွေ" သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး လူမှုရေးရာဝန်ကြီးက ပွဲတော်တွင် ကပြဖျော်ဖြေသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။  ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် ဧည့်သည်တော်များက စာပေပြိုင်ပွဲများ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ၊ ပြခန်းများနှင့် စာအုပ်အ‌ရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ညောင်တုန်းမြို့နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ လှပသာယာ ပြည်မြန်မာဓာတ်ပုံပြခန်း၊ စာအုပ်စာစောင်ပြခန်း၊ ဌာနဆိုင်ရာပြခန်းများ၊ ပညာရေးပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိပြီး အဆိုပါ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၂ ရက်အကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)