ဘားအံ ဒီဇင်ဘာ ၂၉
ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာလူထုအားကစားလစတုတ္ထအပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၅ နာရီခွဲက ဘားအံမြို့၊ သီရိကွင်းရှေ့၌ ကျင်းပခဲ့သည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘားအံတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ဘားအံမြို့ပေါ်ရပ်ကွက်များရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား ၂၅၆၀ ဦးတို့သည် စုရပ်ဖြစ်သော သီရိကွင်းမုခ်ဦး၊ ဝန်ကြီးများအိမ်ရာရှေ့မှ သီရိလမ်းအတိုင်း၊ ဆေးရုံလမ်းဆုံမှ အ.ထ.က(၁)ကျောင်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ ဘီအိုစီကွေ့မှ ကမ်းနားလမ်းဆုံ၊ ကမ်းနားလမ်းအတိုင်း ပိတောက်လမ်းဆုံ၊ ပိတောက်လမ်း၊ သီရိလမ်းမှတစ်ဆင့် သီရိလမ်းအတိုင်း သီရိကွင်းအတွင်းသို့ ပျော်ရွှင်စွာစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး သီရိကွင်းအတွင်း၌ အကြောလျှော့လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်၍ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂) တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဒီဇင်ဘာစတုတ္ထအပတ် စုပေါင်းလမ်းလျှောက်ပွဲအောင်မြင်မှုအထိမ်းအမှတ် ဗလာမပါကံစမ်းမဲနှိုက်ခြင်းအား ပျော်ရွင်စွာပါဝင်ဆင်နွဲကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆုအပါအဝင် ဆုမဲကြီး (၁၀) ဆုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများအား ပြည်နယ်ရဲတပ်ဖွဲ့မှုးဦးဆောင်၍ ပြည်နယ် ရဲတပ်ဖွဲ့မိသားစုဝင်များမှ နံနက်စာ မုန့်ဟင်းခါး၊ ကောက်ညှင်းပေါင်း၊ အကြော်စုံ၊ ကော်ဖီနှင့် မြန်မာမုန့်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အမျိုးသား၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲ၊ Small Goal သွင်းပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ရာ လွန်ဆွဲပြိုင်ပွဲ(အမျိုးသား၊ အမျိုးသမီး) ပထမနှင့် ဒုတိယဆုရရှိသည့်အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ်၊ ကရင်သက္ကရာဇ်(၂၇၆၄)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဘားအံမြို့၊ သံလွင်မြစ်ဘေး ကမ်းနားလမ်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း ယခုအခါ အားကစားပြိုင်ပွဲများကို နေရာဒေသအလိုက် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပြုလုပ်သည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲများ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပေးခြင်းအားဖြင့် လူငယ်လူရွယ် မောင်မယ်များ ပြိုင်ပွဲအတွေ့အကြုံရင့်ကျက်ကာ နည်းစနစ်ပိုင်း၊ နည်းပရိယာယ်ပိုင်း ကျွမ်းကျင်မှုတိုးတက်မြင့်မားလာပြီး ကျန်းမာကြံ့ခိုင်သန်စွမ်းမှုတွေ ရရှိလာမှာဖြစ်ပါကြောင်း၊ ထိုမှတဆင့် မြို့နယ်၊ ပြည်နယ်၊ နိုင်ငံ့ ကိုယ်စားပြု ထူးချွန်ထက်မြက်သော အားကစားလူငယ်မောင်မယ်များအဖြစ် ရပ်တည်သွားနိုင်မှာဖြစ်ပါကြောင်း ပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် အမျိုးသား/အမျိုးသမီး (၅)တက်လှော်၊ (၇)တက်လှော်၊ နဂါးလှေ (၂၀)တက်လှော်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ချီးမြှင့်ငွေအား ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ အားကစားဝါသနာရှင် ဒေသခံပြည်သူများနှင့်အတူ အမျိုးသား/အမျိုးသမီး နဂါးလှေ(၂၀)တက်လှော် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ အဋ္ဌမအကြိမ်မြောက် သူနာပြု-သားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
ဒီပလိုမာအပ်နှင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လိုက်နာရမည့် ကျင့်ဝန်စည်းကမ်းများနှင့်အညီ တာဝန်ဝတ္တရားများကို ထမ်းဆောင်ကြရန်နှင့် မိမိတို့၏ သူနာပြုသားဖွားအတတ်ပညာအဆင့်မြှင့်တင်ရေး (Personal Development)မှ (Professional Development)သို့ ဦးတည်ပြီး ပြည်သူလူထုမှ အားကိုးယုံကြည်ရသည့် မွန်မြတ်သောလုပ်ငန်းအဖြစ် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ကြိုးစားသင်ယူဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ဘားအံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီချိုနှင့် စီမံခန့်ခွဲရေး၊ ပညာရေးအဖွဲ့ဝင်များက ဒီပလိုမာအပ်နှင်းမည့်စင်မြင့်ထက်တွင် နေရာယူကြပြီး နိုင်ငံတော်အလံအား အလေးပြုကြကာ သူနာပြုသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြသည်။
ယင်းနောက် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(ဘားအံ) ကျောင်းအုပ်ဆရာမကြီးက သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး၊ သားဖွားသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူ (၁၀)ဦး စုစုပေါင်း (၃၀)ဦးတို့အား ဒီပလိုမာအောင်လက်မှတ်အပ်နှင်းချီးမြှင့်ပြီး ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားကာ ဒီပလိုမာအပ်နှင်းပွဲသို့ တက်ရောက်လာသော ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေး၊ ပညာရေးအဖွဲ့ဝင်များသည် ဒီပလိုမာအောင်လက်မှတ် အပ်နှင်းခံရသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒီပလိုမာအောင်လက်မှတ်အပ်နှင်းခံရသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပြီး အခမ်းအနားအပြီးတွင် သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းခံရသူများအား ၎င်းတို့၏ မိဘ၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးများ၊ သူငယ်ချင်းများက အမှတ်တရလက်ဆောင်များ၊ ပန်းခြင်းများဖြင့် ပျော်ရွှင်စွာ ဂုဏ်ပြုအားပေး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ပြည်နယ်(ပြန်/ဆက်)