ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့ပေါ် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဒီဇင်ဘာ  ၂၉

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ ပြန်လည်ထူထောင်ရေးနှင့် သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ အ.ထ.က(ခွဲ) နမ့်ကွတ်ကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ ဘီလူးချောင်းနှင့် ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုနှင့် မြို့အဝင်မုခ်ဦးနှင့် မြို့အဝင်အထွက် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘီလူးချောင်းရေ မြင့်တက်ခဲ့မှုကြောင့် ယာယီပိတ်ထားခဲ့ရသည့် အ.ထ.က(ခွဲ)နမ့်ကွတ်ကျောင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် တပ်ရင်း တပ်ဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ရေဝင်ရောက်မှုကြောင့်  ကျောင်းဝန်းအတွင်း ကျန်ရှိခဲ့သည့် အမှိုက်များ၊ သဲနုန်းများဖယ်ရှားခြင်း၊ စာသင်ဆောင်များနှင့် စာသင်ခုံများအား ဆေးကြောသန့်စင်ခြင်း ဆောင်ရွက်နေမှုနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအတွင်း ရေ၊ မီး စနစ်တကျ အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ကျောင်းပြန်လည်တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ဘီလူးချောင်းနှင့် ကမ်းနား လမ်းတစ်လျှောက် တပ်ရင်းတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး ကမ်းနားလမ်းတစ်လျှောက် အများပြည်သူ အပန်းဖြေအနားယူနိုင်ရေးအတွက် စိမ်းလန်းစိုပြည်ရေးနှင့် အမြဲသန့်ရှင်းသာယာရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ စည်ပင်သာယာအဖွဲ့ပိုင် ဥတ္တရာရုံနှင့် ဒေါဥခူရေစက်ရုံများမှ မြို့ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ ရေပေးဝေခြင်းလုပ်ငန်းပြတ်တောက်မှုမရှိစေရေး၊ စဉ်ဆက်မပြတ် ရေပေးဝေနိုင်ရေးနှင့် ကောက်ခံရမည့် ရေခွန်များကိုလည်း သတ်မှတ်နှုန်းထားများအတိုင်း အပြည့်အဝကောက်ခံ ရရှိရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။

ယင်းနောက် လွိုင်ကော်မြို့အဝင်မုခ်ဦးတွင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီးမြေယာရှုခင်းလုပ်ငန်းများအား စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ၎င်းနောက် လွိုင်ကော်မြို့အဝင်တွင် ပြည်သူများ ဝင်ထွက်သွားလာနေမှုနှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များ ဝင်ထွက်သွားလာမှုအား ဌာနဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိသည့် အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ လုံခြုံစိတ်ချစွာဖြင့် လွယ်ကူစွာဝင်ထွက်သွားလာနိုင်ရေး၊ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးနှင့် ဥပဒေနှင့် မလွတ်ကင်းသည့် ကုန်စည်များ ဝင်ထွက်သယ်ဆောင်မှု မရှိစေရေး စနစ်တကျ ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)