ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဒီဇင်ဘာလူထုအားကစားလ စတုတ္ထပတ် စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲ၊ အ.ထ.က(၁)ပုသိမ် နှစ်(၁၀၀)ပြည့် အခမ်းအနားတက်ရောက်

ပုသိမ် ဒီဇင်ဘာ ၂၉

တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလ အားလူထုလှုပ်ရှားအားကစားလအဖြစ်သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း  စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်း စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။

ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးပြီးနောက် ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီး အတိုင်းတပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းတွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical  Fitness dance များအား အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒီဇင်ဘာလ စတုတ္ထပတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၃၈၀၀)ခန့်က တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များမှ ဒီဇင်ဘာလ စတုတ္ထပတ်စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၁၇၀၀၀)ကျော် ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများသည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်(၁၀၀)ပြည့် အခမ်းအနား တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားအစီအစဉ်ပထမပိုင်းအရ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နှစ်(၁၀၀)ပြည့် ကျောက်စာအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တရားသူကြီးချုပ်တို့က အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ကြသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းအား ရတနာတန်ဆောင်ခန်းမတွင် ဆက်လက်ကျင်းပရာ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းနှစ်(၁၀၀)ပြည့်ဂုဏ်ပြုတေးကို Grade-12 နှင့် Grade-11 ကျောင်းသားကျောင်းသူများမှ သီဆိုဖျောဖြေခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတော်ကြီးကို ၁၉၂၄ ခုနှစ်မှ စတင်တည်ထောင်ခဲ့ရာ နှစ်တစ်ရာတိုင်ခဲ့ပြီဖြစ်ပြီး နိုင်ငံ့ခေါင်းဆောင်ကြီးများ မွေးထုတ်ပေးနိုင်ခဲ့သည့်အပြင် နိုင်ငံတော်ကာကွယ်ရေး၊ တည်ဆောက်ရေး၊ ကျန်းမာရေး စသောကဏ္ဍ အသီးသီးတွင်လည်း အရာထမ်း၊ အမှုထမ်းများ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူရည်ချွန်များစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ကျောင်းတော်ကြီး စတင်ဖွင့်လှစ်ချိန်တွင် (၂)ထပ် စာသင်ဆောင် (၃)ဆောင်ဖြင့် ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်တွင် စာသင်ဆောင်၊ စာကြည့်တိုက်၊ အားကစားရုံ၊ ဟောခန်းမများအပါအဝင် စုစုပေါင်း အဆောင် (၁၀)ဆောင်ဖြင့် ခန့်ညားထည်ဝါလျက်ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများအား ဘက်စုံထူးချွန်ပြီး ဗလငါးတန်နှင့် ပြည့်စုံစေရန် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်းနှင့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အ.ထ.က(၁) Grade-10ကျောင်းသူလေးများမှ “ပန်းဥယာဉ်ဝယ် ဆိုကြ၊ ကကြမယ်” အကဖြင့် ဖျော်ဖြေခဲ့ကြပြီး အ.ထ.က-(၁) ကျောင်းအုပ်ဆရာမကြီးမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တရားသူကြီးချုပ်တို့အား ကျောက်စီပန်းချီလက်ဆောင်ပစ္စည်းပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ကျောင်းအုပ် ဆရာမကြီးအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် အ.ထ.က(၁)အခြေခံပညာ အထက်တန်းကျောင်းသားဟောင်း တစ်ဦးက ရာပြည့်ဂုဏ်ပြုစကားပြောကြားကာ Grade-10ကျောင်းသားကျောင်းသူလေးများက အ.ထ.က(၁) ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး  နှစ်(၁၀၀)ပြည့်အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)