ကန့်ဘလူ ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဆရာတော် ဦးဝါသဝ(၅၅၀ ဆရာတော်)၊ နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ နည်းဗျူဟာမှူးကြီးနှင့် ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့မှ အ.ထ.က(၁)ကန့်ဘလူနှင့် အ.ထ.က(ခွဲ)တောက္ကရှပ် ဘင်ခရာအဖွဲ့တို့အား ဘင်ခရာ ဝတ်စုံပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်နံနက် ၉ နာရီက အ.ထ.က(၁) ကန့်ဘလူကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(၁)ကန့်ဘလူ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ဆရာတော် ဦးဝါသဝက ဘင်ခရာဝတ်စုံ ပေးအပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းမိန့်ကြားပြီး ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးက အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဘင်ခရာဝတ်စုံပေးအပ်ပွဲကျင်းပရာ ဆရာတော် ဦးဝါသဝ၊ နည်းဗျူဟာမှူး ကြီး ဗိုလ်မှူးကြီး မြတ်သူနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးတို့က ဘင်ခရာဝတ်စုံများကိုပေးအပ်ရာ သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများနှင့်ဘင်ခရာတပ်ဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။ထို့နောက် နည်းဗျူဟာမှူးကြီး ဗိုလ်မှူးကြီးမြတ်သူက အထက(၁)ကန့်ဘလူနှင့် အထက(ခွဲ)တောက္ကရှပ် ကျောင်းတို့အား ငွေကျပ် သုံးသိန်းစီချီးမြှင့် ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးများက လက်ခံရယူကြသည်။
ထို့နောက် အ.ထ.က ကျောင်းများကိုယ်စား အ.ထ.က(၁)ကန့်ဘလူ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အ.ထ.က(၁) ကန့်ဘလူ ကျောင်းတော်ကြီး၏ တစ်နှစ်တာလှုပ်ရှားမှုမှတ်တမ်း Video Clip အားပြသသည်။ ယင်းနောက် အ.ထ.က(ခွဲ) တောက္ကရှပ် ကျောင်းသူများက ပြည်ထောင်စုအင်အား သီးချင်းဖြင့်လည်းကောင်း၊ အ.ထ.က(၁)ကန့်ဘလူ ကျောင်းသား၊ ကျောင်းသူများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် သီချင်းဖြင့်လည်းကောင်း ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)