ပေါင်းတည်၌ ဓမ္မစကူးလ်ပေါင်းစုံ စုံညီပွဲတော်ကျင်းပ

ပေါင်းတည် ဒီဇင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက ဓမ္မစကူးလ်ပေါင်းစုံ စုံညီပွဲတော်ကို ပေါင်းတည်ဘိုးဘွားရိပ်သာခန်းမဆောင်တွင် စုပေါင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ နမောတဿ သုံးကြိမ်ဘုရားရှိခိုးကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကာ မြို့နယ်ဓမ္မစကူးလ်ကော်မတီဒုတိယဥက္ကဋ္ဌ ဗုဒ္ဓဆာယာဓမ္မစကူးလ်ဆရာတော်က အဖွင့်သြဝါဒ ချီးမြှင့်ပြီး မြို့နယ်ဓမ္မစကူးလ် ကော်မတီဥက္ကဋ္ဌ ပေါ်တော်မူဓမ္မရုံကျောင်းဆရာတော်က ဓမ္မစကူးလ်ဆိုင်ရာများကို မိန့်ကြားခဲ့သည်။

ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပေါ်တော်မူ၊အဂ္ဂပညာပါရမီ၊ ဗုဒ္ဓဆာယာ၊ ဇီးတော၊ဓမ္မအရိပ် ဓမ္မစကူးလ်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူလေးများက အများချစ်တဲ့ ဓမ္မစကူးလ်၊ ဓမ္မစကူးလ်အလင်းရောင်၊ ဘွန္တောနိဗ္ဗာန်ဆော်၊ ဓမ္မစကူးလ်သွားကြစို့ သွေးချင်းတို့ တေးသရုပ်ဖော်များဖြင့်ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက်  ဓမ္မစကူးလ် အကျိုးတော်ဆောင်များ စေတနာရှင် အလှူရှင်များက ပေါင်းတည် မြို့နယ်အတွင်းရှိ ဓမ္မစကူးလ်ကျောင်းများအား ဆုလက်ဆောင်များပေးအပ်ချီးမြှင့်ကာ ဓမ္မစကူးလ်ကော်မတီအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြပြီးနောက် ဆုရဓမ္မစကူးလ်ကျောင်းသား၊ ကျောင်းသူလေးများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများအား နိဗ္ဗာန်စျေးဖွင့်လှစ်၍ စတုဒီသာများဖြင့် လှူဒါန်းကျွေးမွေးခဲ့ကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)