သရက် ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိမိမော်သည် မကွေးတိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးခင်မောင်မြင့်၊ မကွေးတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစိုး၊ သရက်ခရိုင်တရားသူကြီး၊တိုင်းဒေသကြီးတရားလွှတ်တော် ရုံးအဖွဲ့မှူး၊ မြို့နယ်တရားသူကြီးတို့နှင့်အတူ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က သရက်အကျဉ်းထောင်အား သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က အကျဉ်းသား၊ အကျဉ်းသူများအား ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ/မရှိ၊ ဥပဒေနှင့်မညီဘဲ မတရားညှဉ်းပန်း နှိပ်စက်မှုများ ရှိ/မရှိ၊ သောက်သုံးရေ သန့်ရှင်းစင်ကြယ်မှု ရှိ/မရှိ၊ အစားအသောက် အာဟာရ သင့်တင့်မျှတကောင်းမွန်စွာ ကျွေးမွေးမှု ရှိ/မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု၊ သန့်ရှင်းမှု ရှိ/မရှိ ၊ အဆောင်များ သန့်ရှင်းသပ်ရပ်မှုနှင့် လေဝင်လေထွက် ကောင်းမွန်မှု ရှိ/မရှိ၊ အမျိုးသမီး အကျဉ်းသူများ၊ အချုပ်သားများအား အကာအရံလုံခြုံစွာဖြင့် အမျိုးသမီးအဖော်များနှင့် စောင့်ရှောက်မှု ရှိ/မရှိ၊ စစ်ဆေးဆဲအမှုများမှ ကြန့်ကြာသည့်အချုပ်တရားခံများ ရှိ/မရှိ၊ လူ့အခွင့်အရေးများ ချိုးဖောက်မှု ရှိ/မရှိနှင့် ကျန်းမာရေးစောင့်ရှောက်ထားရှိမှုတို့ကို စစ်ဆေးကြည့်ရှုခဲ့ပြီး အကျဉ်းသား၊ အကျဉ်းသူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ သရက်အကျဉ်းထောင်အတွင်း အပြစ်ကျအကျဉ်းသား ကျား(၆၆၂)ဦး၊ မ(၈၁)ဦး ပေါင်း (၇၄၃)ဦး နှင့် တရားရုံး စစ်ဆေးဆဲ အချုပ်သား ကျား(၃၁)ဦး၊ မ(၁၂)ဦး စုစုပေါင်း(၄၃)ဦးရှိကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)