တနင်္သာရီတိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ  စုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ထားဝယ်  ဒီဇင်ဘာ ၂၈

ပြည်သူလူထုတစ်ရပ်လုံးကျန်းမာကြံ့ခိုင်ရေးအားကစားလေ့ကျင့်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး ကိုယ်လက်ကြံ့ခိုင်ရန်ပါဝင်ဆင်နွှဲရေးတို့အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော တိုင်းဒေသကြီးဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၆ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ထို့နောက် ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက တာလွှတ်၍ ဖွင့်လှစ်ပေးပြီးလမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများက ရွှေဝယ်သီရီအားကစားကွင်းအတွင်းဝိုင်းပတ်၍ ၁ မိုင်ခွဲ စုပေါင်းလမ်းလျှောက်ခဲ့ကြကာ ကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ(၁)ကို စုပေါင်း၍ ပြုလုပ်ခဲ့ကြပြီး ကိုယ်လက်လှုပ်ရှားအားကစား Finess Dance အား တပျော်တပါးဆင်နွှဲခဲ့ကြသည်။

ဒီဇင်ဘာအားကစားလစုပေါင်းလမ်းလျှောက်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ  ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများစုစုပေါင်း  (၁၆၄၀)ဦး ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဆက်လက်၍ စုပေါင်းလမ်းလျှောက်ပွဲအပြီးတွင် ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/ကျောင်းသူများက အုပ်စုများခွဲ၍ လွန်ဆွဲပြိုင်ပွဲအား ပျော်ရွင်စွာပါဝင်ဆင်နွှဲခဲ့ကြပြီး တာဝန်ရှိသူများက ပြိုင်ပွဲတွင်ဆုရရှိ သည့်အသင်းအား ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)