ပုသိမ် ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာ အုပ်စု၊ ဘုရားကြီးကုန်းကျေးရွာတွင် တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် မုဋ္ဌောကိုးဆူတွင် တစ်ဆူအပါအဝင်ဖြစ်သည့် ဘုရားကြီးကုန်း မဟာစေတီတော်မြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တို့အား ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက်အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဘုရားကြီးကုန်းကျောင်းတိုက် ဓမ္မဗိမာန်တော်၌ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် ပုသိမ်မြို့နယ်၊ ကုန်းကြီးကျောင်းဆရာတော် ဘဒ္ဒန္တသုမနမဟာထေရ်မြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များကို ဆက်လက်နာယူကြည်ညိုခဲ့ကြကာ တာဝန်ရှိသူများက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် အလှူရှင်များက အလှူငွေများကို ဆက်လက်ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပုသိမ်မြို့နယ်၊ ရှမ်းရွာကျောင်းဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓထံမှဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှု အစုစုတို့အတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)