မြိတ်မြို့တွင် ဒီဇင်ဘာအားကစားလအထိမ်းအမှတ်  လူထုလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

မြိတ်    ဒီဇင်ဘာ   ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဒီဇင်ဘာအားကစားလ အထိမ်းအမှတ် လူထုလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မြို့မအားကစားကွင်းအတွင်း ကျင်းပခဲ့ရာ လူထုစုပေါင်း လမ်းလျှောက်ခဲ့ကြ၍ အကြောလျှော့လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြပြီး  ကျောင်းသား/သူလူငယ်များမှ အားကစား ပြိုင်ပွဲများကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

လူထုစုပေါင်းလမ်းလျှောက်ရာတွင် မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမျိုးဦး ဦးဆောင်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပြည်သူများ စုစုပေါင်း(၁၀၂၀)ဦးခန့်က မြို့မအားကစားကွင်း ပြေးလမ်း(၃)ပတ် ပတ်၍ စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။ လူထုလမ်းလျှောက်ပွဲအပြီး၌ လမ်းလျှောက်ပွဲပါဝင်ဆင်နွဲသူများက အားကစားကွင်းအတွင်း အကြောလျှော့လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခဲ့ကြသည်။

 ထို့နောက် ဒီဇင်ဘာအားကစား ပြိုင်ပွဲများအဖြစ် မီတာ(၄၀၀)၊ မီတာ(၁၀၀)အပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲနှင့် အာလူးကောက်အပြေးပြိုင်ပွဲများကို ကျင်းပခဲ့ရာ ကျောင်းသား/ သူများနှင့် လူငယ်များ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်နန်းနန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )