ပွင့်ဖြူ ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက ဆီစားသုံးမှု ဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ပန်းနှမ်း ၁၁၅ ဧက လျာထားစိုက်ပျိုးခဲ့ရာ ယနေ့ထိ ၃၁၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်၍ သတ်မှတ်စိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပန်းနှမ်းသီးနှံ ၁၁၅ ဧက စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက လျာထားစိုက်ဧက ပြည့်မီစေရန် ယခုနှစ်နိုဝင်ဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ပန်းနှမ်း ၃၁၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် ဆောင်းရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားသုံးဆီ ဖူလုံပိုလျှံစေဖို့ ၊ သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်စေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့ ရည်ရွယ်ပြီး ပန်းနှမ်းသီးနှံ ၁၁၅ ဧက လျာထားစိုက်ပျိုးခဲ့ရာ ဒီနေ့ထိ ပန်းနှမ်း ၃၁၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်လို့ လျာထားစိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ပန်းနှမ်းစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး တောင်သူတွေကို အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်အောင် စိုက်နည်းစနစ်နဲ့ ဒေသနဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေ ရရှိအောင် ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းပညာနဲ့ သွင်းအားစုပစ္စည်းတွေ စနစ်တကျ သုံးစွဲတတ်အောင် တောင်သူပညာပေးတွေ ကူညီဆောင်ရွက်ပေးပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။
ပွင့်ဖြူမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းမှုရှိသဖြင့် ဒေသခံတောင်သူများက နှစ်စဉ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် စားသုံးဆီ ဖူလုံပိုလျှံစေရန်နှင့် သီးနှံဝင်ငွေ ပိုမိုရရှိစေရန်အတွက် ပန်းနှမ်းသီးနှံအား အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း၊ ယခင်နှစ်က ဆီထွက်သီးနှံ ပန်းနှမ်းစိုက်ပျိုးခြင်းကို (၁၂၁) ဧက လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ကာ ယခုနှစ်တွင် သတ်မှတ်လျာထားစိုက်ဧကထက် ကျော်လွန်အောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စိုက်ပျိုးထားရှိ သော ပန်းနှမ်းစိုက်ခင်းများကို သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူ များနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)