ပခုက္ကူ ဇန်နဝါရီ ၉
ပခုက္ကူမြို့၊ အဆင့်မြင့်ကားကြီးကွင်း အသစ်တည်ဆောက်ရေးလုပ်ငန်းများ စတင်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ပခုက္ကူမြို့နယ် စည်ပင်သာယာရေးကော်မတီရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူမြို့ကားကြီးကွင်း အသစ်တည်ဆောက်ရေးလုပ်ငန်း တင်ဒါအောင်မြင်သည့် Mindhama Construction Co.ltd က အင်ဂျင်နီယာချုပ် ဦးကျော်မင်းစိုးက မြေပြင် ပြင်ဆင်ခြင်းလုပ်ငန်းနှင့် ခြံစည်းရိုးကာရန်ခြင်း လုပ်ငန်းဆောင်ရွက် မည့်အခြေအနေများကို တင်ပြသည်။ ထို့နောက် ပခုက္ကူမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်သန့်၊ အမှုဆောင်အရာရှိ ဦးအောင်မင်းကြိုင်တို့က မြေနေရာအတည်ပြုခြင်းနှင့် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ပြည်လည် ရှင်းလင်းဆွေးနွေးသည်။
ပခုက္ကူမြို့ကားကြီးကွင်းသစ်ကို ပခုက္ကူမြို့၊ မြို့ရှောင်လမ်းနှင့် ရေစကြိုလမ်းဆုံအနီး မြေဧရိယာ ၂၂ ဒသမ ၉၈ ဧကပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး ၁၀ ဧကပေါ်တွင် အဆင့်မီ နှစ်ထပ်အဆောက်အအုံ ကားဂိတ်များအတွက် တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်မြေပေါ်တွင် တင်ဒါအောင်ကုမ္ပဏီက ရှော့ပင်းမော၊ ဟိုတယ်၊ ဈေးဆိုင်များ၊ ဓာတ်ဆီဆိုင်များ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း Mindhama ကုမ္ပဏီမှ ဒါရိုက်တာ ဦးချိုဦး၏ ပြောကြားချက်အရသိရသည်။
ပခုက္ကူမြို့ကားကြီးကွင်းအသစ်ကို စီမံချက်ကာလတစ်နှစ်ခွဲနှင့် အခြားဖွံ့ဖြိုးရေးဇုန်ကို တစ်နှစ်ခွဲ စုစုပေါင်း စီမံချက်ကာလ သုံးနှစ်လျာထားဆောင်ရွက်သွားမည်ဖြစ်သည်။ ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ မြို့မလမ်းတွင် လက်ရှိအသုံးပြုနေသည့် အဝေးပြေးကားကွင်းတည်ရှိပြီး လူဦးရေတိုးတက်လာမှု၊ ယာဉ်ကြောကြပ်တည်းလာမှု၊ကုန်တင်ကားကြီးများ မြို့တွင်းသို့ အကန့်အသတ်ဖြင့်သာ ဝင်ရောက်နိုင်မှုတို့ကြောင့် အဆင့်မီကားကြီးကွင်းအသစ် အကောင် အထည်ဖော်ရခြင်း ဖြစ်ကြောင်း သိရသည်။
ကိုဇော်(ဓာတု)