စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ သဘာဝဆိုးဆေးနှင့် Eco printing နည်းပညာသင်တန်း(၃/၂၀၂၄-၂၀၂၅)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မုံရွာ ဒီဇင်ဘာ ၂၈

သဘာဝဆိုးဆေးနှင့် Eco printing နည်းပညာသင်တန်း(၃/၂၀၂၄-၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းအနေဖြင့် ပြည်သူဗဟိုပြုနှစ်စဉ်ပုံမှန် ရက်ကန်းသင်တန်းများနှင့် အသက်မွေးဝမ်းကျောင်းကာလတို သင်တန်းများကိုလည်း စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးပါက ကျွမ်းကျင်သည့် သဘာဝဆေးဆိုး ပညာရှင်များ ထွက်ပေါ်လာစေပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်သွားပါ ကနိုင်ငံတော်၏ သွင်းကုန်အစားထိုး ပို့ကုန်ကဏ္ဍမြှင့်တင်ခြင်းနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအား အထောက်အကူပြုလာမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ ပို့ချခဲ့သည့် သင်ခန်းစာများသည် လက်ရှိစီးပွားဖြစ် လုပ်ငန်းထူထောင်အောင်မြင်သည့် လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများသည် အထည်ဈေးကွက်တွင် ရောင်းတန်းဝင် မျက်နှာပန်းလှ၍ အမျိုးသမီးထုစိတ်ဝင်စားမှု မြင့်တက်လာပါသဖြင့် သင်တန်းသား/သူများအနေဖြင့် လက်တွေ့ပြန်လည်အသုံးချပြီး အောင်မြင်သည့် လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားလုပ်ကိုင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက သင်တန်းသူတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက သင်တန်းသူတစ်ထံ သင်တန်းမှရရှိသည့် ထုတ်ကုန်ပစ္စည်းများအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သင်တန်သား/သူများ ကိုယ်တိုင်ပြုလုပ်ထားသည့် အဝတ်အထည်များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။    

တိုင်းဒေသကြီး(ပြန်/ဆက်)