ဘားအံ ဒီဇင်ဘာ ၂၈
ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျရောက်မည့် ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်ပိုင်ကျုံကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ယမန်နေ့ နံနက်ပိုင်းက အဆိုပါလမ်းသစ် မုခ်ဦးတည်နေရာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU-KNLA(PC)၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)တို့မှကိုယ်စားလှယ်များ ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့အဝင်၌ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲကို သေနတ်ပစ်ဖောက်တာ လွှတ်ပေးခဲ့ပြီး အဆိုပါ ပြိုင်ပွဲကို အမျိုးသမီးအလွတ်တန်းပြိုင်ပွဲ၊ အမျိုးသား အသက်(၄၀)အထက်ပြိုင်ပွဲ၊ အမျိုးသားအသက်(၄၀)အောက်ပြိုင်ပွဲ ဟူ၍ အတန်း(၃)တန်းခွဲ၍ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်စုစုပေါင်း ၁၀၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့အထက် ပိုင်ကျုံကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲတွင်ပါဝင် အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ လမ်းအားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် လမ်းဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အထက်ပိုင်ကျုံလမ်းသည် အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်နှင့်ပိုင်ကျုံ-ထီလုံ-တာပေါင်-ပတ-နဘူလမ်းကို ဆက်သွယ်ထားသောလမ်းမကြီးဖြစ်သည့်အပြင် ထန်းတပင်ကျေးရွာနှင့်ပိုင်ကျုံမြို့ကို ဆက်သွယ်ထားသည့်ကျေးရွာ ချင်းဆက်လမ်းဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော ကွန်ယက်လမ်းတစ်လမ်းဖြစ်ပြီး လမ်းရေရှည်တည်တံကြံခိုင်ရေး ဒေသခံများမှ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားပြီး KNU ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်ဧက အမှာစကားပြောကြားကာ ဒေသခံ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)