မြောင်းမြ ဒီဇင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းခန်းမတွင် ပထမအကြိမ် သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက လမ်းညွှန်အမှာစကားနှင့် သြဝါဒစကားများ မြွက်ကြားခဲ့သည်။ ဆက်လက်၍ သူနာပြုသင်တန်းကျောင်းမှ တာဝန်ခံနည်းပြ ဆရာမကြီးဒေါ်အေးမြတ်ကလျာက အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ မိန့်ကြားခဲ့ပြီး သူနာပြုဒီပလိုမာသင်တန်းကို ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီးဟု ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက ကြေညာခြင်းခံကြရသော သင်တန်းဆင်းဒီပလိုမာယူမည့်သူများကို သက်ဆိုင်ရာဒီပလိုမာ အောင်လက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို မြောင်းမြ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းမှ တာဝန်ခံနည်းပြဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)