လိပ်သို ဒီဇင်ဘာ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ခရစ္စမတ်ပွဲတော် အထူးဆုတောင်းဝတ်ပြုကိုးကွယ်ပွဲတစ်ရပ်ကို ယမန်နေ့ နံနက် ၉ နာရီက စတင်၍ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ခရစ္စမတ်ဝတ်ပြုကိုးကွယ်ပွဲမစတင်မီ အသင်းတော်ဓမ္မပညာဌာနမှ Sunday School ကလေးသူငယ်များ၏ တေးသရုပ်ဖော်အကများ၊ သမ္မာကျမ်းစာတော်ထဲမှ သင်ခန်းစာယူစရာ အမျိုးသမီးများ အကြောင်း ပြဇာတ်တိုနှင့် လူငယ်များ၏ ဒုံးယိမ်းအကများကို ဖျော်ဖြေတင် ဆက်ခဲ့ကြပြီးနောက် အသင်းတော်လူငယ်များက ဦးဆောင်၍ ဝတ်ပြုကိုးကွယ်ပွဲ တက်ရောက်လာသူ ပရိသတ်များအားလုံးစုပေါင်း၍ ခရစ္စမတ်တေးသီချင်းများဖြင့် သီဆိုချီးမွမ်းခဲ့ကြသည်။
ဆက်လက်ပြီး အထူးဆုတောင်းဝတ်ပြုကိုးကွယ်ပွဲကို ပြုလုပ်ခဲ့ရာ အသင်းတော်ဘဏ္ဍာထိန်း နော်ခင်ခင်စိန်မှ ဦးဆောင်၍ သမ္မာကျမ်းစာအပြန်အလှန်ဖတ်ကြားခြင်း၊ မေစီကျမ်းစာကျောင်းမှ ဆရာစောအယ်ဂေါ်ထူးက ခရစ္စမတ်တရားဒေသနာတော်အား ဟောကြားပေးပြီးနောက် သိက္ခာတော်ရဆရာတော် စောမြင့်ထူးက အားလုံးအတွက် အထူးဆုတောင်းကောင်းချီးပေးခြင်းဖြင့် ဝတ်ပြုကိုးကွယ်ပွဲကို ရုပ်သိမ်းခဲ့သည်။
ဝတ်ပြုပွဲအပြီးတွင် တေးဂီတဖြင့် သီဆိုဖျော်ဖြေခြင်း ၊ ဖိတ်ကြားထားသူများနှင့် ပရိသတ်များအားလုံး အတူတကွ မိတ်ဆုံစားပွဲတွင် ပါဝင်ခြင်း၊ ခရစ္စမတ်လက်ဆောင်များ အပြန်အလှန် ပေးအပ်ခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်