မြဝတီ ဒီဇင်ဘာ ၂၈
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များ စာပေဖတ်ရှုမှုမှတစ်ဆင့် စဉ်းစားတွေးခေါ်ဉာဏ်စာရိတ္ထပညာ တိုးပွားရရှိစေရေးအတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြဝတီမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (အောင်မြေရွှေဘုံ)၌ ကျင်းပသည်။
အခမ်းအနားတွင် မြဝတီမြို့နယ်ပညာရေးမှူး ဦးမိုးကျော်က အဖွင့်အမှာစကား ပြောကြားပေးပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပေးသည်။ ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ စတင်ခဲ့ရာ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက ဦးဆောင်၍ Grade-9 နှင့် Grade-8တို့မှ မနန်းမေဖူးဇော်နှင့် မယွန်းဝတီတို့က လူငယ်နှင့်စာရိတ္ထပညာ၊ Grade-10မှ မဆုမြတ်အောင်က လူငယ်နှင့် နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ Grade-9 နှင့် Grade-10 မှ မောင်အောင်ခန့်မောင်နှင့် မဖူးပွင့်သဇင်တို့က လူငယ်နှင့်ဆေးလိပ်အန္တရာယ် တို့ကာကွယ် ခေါင်းစဉ်တို့ဖြင့် အပြန်အလှန် ဆွေးနွေးပေးပြီး တက်ရောက်ကြသည့် ကျောင်းသား၊ကျောင်းသူများက ခေါင်းစဉ်အလိုက် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမြင့်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီတို့က ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပြန်လည်ချီးမြှင့်ပေးပြီး ဗဟုသုတဖြစ်ဖွယ် သုတ/ရသ စာအုပ်၊စာစောင်များနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးထားရာ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)