အထက်မင်းလှ ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းရေးသွင်းနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မင်းလှမြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူးရဲမှူးကျော်လင်းက လူကုန်ကူးမှု စိစစ်ဖော်ထုတ်သည့် မှတ်တမ်းရေးသွင်းနည်းသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းရေးသွင်းနည်းသင်တန်းပို့ချခဲ့ရာ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ရဲမှူးကျော်လင်းကလူကုန်ကူးမှု ဖြစ်ပွားစေတတ်သော အကြောင်းအရာနှင့်နည်းလမ်းများ၊ ခေါင်းပုံဖြတ်မှုအမျိုးအစားများ၊ လူကုန်ကူးမှုကိစ္စရပ်ကိုတွေ့ရှိပါက အနီးစပ်ဆုံးရဲတပ်ဖွဲ့စခန်းသို့ အကြောင်းကြားရန်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေက ချမှတ်နိုင်သည့် ပြစ်ဒဏ်များ၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းရေးသွင်းနည်းတို့အား သင်တန်းပို့ချခဲ့သည်။ အဆိုပါ လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းရေးသွင်းနည်း သင်တန်းသို့ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)