ပွင့်ဖြူ ဒီဇင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ ၆၃၀၈၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ ၄၁၈၀၀ ဧက စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် သတ်မှတ်စိုက်ဧက ပြည့်မီစေရန် အတွက် ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ ပဲမျိုးစုံသီးနှံ ၆၃၀၈၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားနပ်ရိက္ခာဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့ ရည်ရွယ်ပြီး ပဲမျိုးစုံသီးနှံ ဧက ၄၀၀၀၀ ကျော် လျာထားစိုက်ပျိုးခဲ့ရာ ဒီနေ့ထိ ၆၃၀၈၀ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ စိုက်ပျိုးတဲ့ ပဲမျိုးစုံသီးနှံတွေကတော့ ကုလားပဲ ၊ ထောပတ်ပဲ ၊ မတ်ပဲ ၊ ပဲလွမ်း ၊ ပဲယင်း ၊ ပဲကြီး ၊ ပဲကြား ၊ ပဲနောက် ၊ စားတော်ပဲနဲ့ အခြားပဲသီးနှံတို့ကို စိုက်ပျိုးတာ ဖြစ်ပါတယ်။ ပဲမျိုးစုံသီးနှံစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး သီးနှံအထွက် နှုန်းများ ပိုမိုရရှိအောင် ဒေသခံတောင်သူတွေကို မျိုးကောင်းမျိုးသန့်များ ရွေးချယ်ပြီး တိုးချဲ့စိုက်ပျိုးကြဖို့ ၊ စိုက်ပျိုးရေး သွင်းအားစုပစ္စည်းတွေ မှန်မှန် ကန်ကန် သုံးစွဲကြဖို့ ပညာပေးတာတွေကို ကွင်းဆင်းကြီးကြပ်ပြီး ဆောင်ရွက်ပေးပါတယ်" ဟု ပွင့်ဖြူ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးရန် လျာထားမှုအနေဖြင့် ကုလားပဲ ၂၁၈၄၃ ဧက ၊ မတ်ပဲ ၁၃၂ ဧက ၊ ပဲကြီး ၃၆၉၇ ဧက ၊ စားတော်ပဲ ၃၁၈၅ ဧက ၊ ပဲလွမ်း ၃၂၃၂ ဧက ၊ ပဲနောက် ၄၁၈ ဧက ၊ ပဲယင်း ၂၁၄ ဧက ၊ ပဲကြား ၃၉၁ ဧက ၊ ထောပတ်ပဲ ၇၇၃၂ ဧက ၊ အခြားပဲသီးနှံ ၉၅၆ ဧက ၊ စုစုပေါင်း ပဲမျိုးစုံသီးနှံ ၄၁၈၀၀ ဧက ဖြစ်ကာ ယနေ့ထိ စိုက်ပျိုးပြီးစီးမှု ကုလားပဲ ၄၂၄၇၇ ဧက ၊ ထောပတ်ပဲ ၉၇၀၆ ဧက ၊ မတ်ပဲ ၇၈ ဧက ၊ ပဲလွမ်း ၂၀၀၀ ဧက ၊ ပဲယင်း ၁၁၉ ဧက ၊ ပဲကြီး ၄၈၂၂ ဧက ၊ ပဲကြား ၂၂ ဧက ၊ ပဲနောက် ၂၇၇ ဧက ၊ စားတော်ပဲ ၃၃၁၂ ဧက ၊ အခြားပဲ ၂၆၇ ဧက ၊ စုစုပေါင်း ပဲမျိုးစုံသီးနှံ ၆၃၀၈၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးရာတွင် ပဲသီးနှံအထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်ရေး အတွက် စိုက်ပျိုးရေးဦးစီးဌာနက သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ချိတ်ဆက်၍ ဒေသခံတောင်သူများကို လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုပစ္စည်းများ၊ ပိုးမွှားကျရောက်မှု မရှိစေရေး ကြိုတင်ကာကွယ်နှိမ်နင်းရမည့် နည်းလမ်းများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)