လှိုင်းဘွဲ ဒီဇင်ဘာ ၂၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့အဝင် ပန်းခြံရှေ့၌ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အကြို ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့ နံနက်(၇)နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီမဟာမင်္ဂလဇောတိက ဦးစောမြင့်ဦး နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) လှိုင်းဘွဲမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်၊ လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ မြို့နယ်အား/ကာ ဦးစီးမှူး ဒေါ်မိနန္ဒာမွန်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲအား နံနက် ၈ နာရီအချိန်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သေနတ် (၁) ချက် ပစ်ဖောက်၍ တာလွတ်ပေးခဲ့ပြီး စက်ဘီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသော စက်ဘီးစီး အားကစားသမားများက လှိုင်းဘွဲမြို့အဝင်ပန်းခြံမှ ကြာအင်းကျေးရွာ ကားလမ်းအတိုင်း ပျော်ရွှင်စွာ စီးနင်းယှဉ်ပြိုင်ခဲ့ကြပြီး နံနက်(၁၀)နာရီအချိန်တွင် ပြိုင်ပွဲဝင် စက်ဘီးစီးအားကစားသမားများ ပန်းဝင်လာခဲ့ကြသည်။
ဆုရပြိုင်ပွဲဝင်စက်ဘီးစီးအားကစားသမားများအား လှိုင်းဘွဲမြို့အဝင်ပန်းခြံရှေ့၌ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အကြို ဖိတ်ခေါ်စက်ဘီးစီးပြိုင်ပွဲကို ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်တို့မှ စက်ဘီးစီးအားကစားဝါသနာရှင် ကျား(၉၇)ဦး၊ မ(၈)ဦး၊ စုစုပေါင်း(၁၀၅)ဦးတို့က ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။
စောဒိ (ပြန်/ဆက်)