ပွင့်ဖြူမြို့နယ် ရွှေဘိုကျေးရွာ၌ မြေဆီလွှာဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ပွင့်ဖြူ ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)က မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် မြေဆီလွှာဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ တောင်သူပညာပေး ဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၆ ရက်နေ့က ပွင့်ဖြူမြို့နယ် ရွှေဘိုကျေးရွာ ပြည်လုံးချမ်းသာမုန်းစက်တော်ရာစေတီတော်မြတ်ကြီးတန်ဆောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)ဥက္ကဌ ဦးမြင့်အောင်က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံတောင်သူများ သတိပြုဆောင်ရွက်ရမည့် မြေဆီလွှာဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများ၊  မြို့နယ်တောင်သူ အကျိုးဆောင်အသင်းမှ တောင်သူအကျိုးပြု စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် သီးနှံများ စိုက်ပျိုးရာ၌ ဓာတုလျော့ချပြီး သဘာဝမြေဩဇာနှင့် သဘာဝဆေးများ ပြောင်းလဲသုံးစွဲရေးတို့ကို အသိပညာပေး ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်တောင်သူအကျိုးဆောင်အသင်းအဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ်အတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သော တောင်သူအကျိုးပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာတောင်သူအကျိုးဆောင်ကော်မတီဝင်များကို ဖွဲ့စည်းတာဝန်ပေးအပ်ကာ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

အဆိုပါ တောင်သူပညာပေး ဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်းဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာတောင်သူအကျိုးဆောင်ကော်မတီဝင်များနှင့် ဒေသခံတောင်သူ (၁၂၀) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)