အုတ်တွင်း ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် မြို့မစျေးကြီးအတွင်း ဌာနဆိုင်ရာအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခြင်းနှင့်မြို့မစျေးကြီးရှေ့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသမှုကို ယမန်နေ့နံနက် ၈ နာရီအချိန်က စျေးသူ၊ စျေးသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယု၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဌာနဆိုင်ရာအဖွဲ့များက စျေးသူစျေးသားများအား စနစ်တကျ ရောင်းဝယ်ဖောက်ကားမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိသတိရှိကြစေရန်၊ မီးဘေး အန္တရာယ်ကြုံလာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန်ရည်ရွယ်၍ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့တို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသသည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလက်တွေ့သရုပ်ပြသမှုကို မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မြင့်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်မော်တော်ယာဥ်ဖြင့် ရေပက်ဖျန်းငြှိမ်းသတ်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာအရှိနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးသူ၊ စျေးသားများ ပါဝင်သရုပ်ပြသခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)