ရွှေဘို ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ သူနာပြုသင်တန်းကျောင်း၌ အပတ်စဉ်(၁) သူနာပြု သားဖွားဒီပလိုမာသင်တန်းသား/သူများ၏ (ပထမ)အကြိမ် သူနာပြု-သားဖွားဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက သူနာပြုသင်တန်းကျောင်း သပြေညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်စီအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန့်ဇော်လင်းက သင်တန်းဆင်း အမှာစကားပြောကြားရာ"ယနေ့နိုင်ငံတော်မှာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ဖို့ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များစွာလိုအပ်လျက်ရှိနေသည်ကို သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (၅၃)ကျောင်းက နိုင်ငံတော်၏ ကျန်းမာရေးဆိုင်ရာ မူဝါဒနှင့်အညီ သူနာပြုဆရာ/ဆရာမ(၁၈၁၈)ဦးကို မွေးထုတ်ပေးနိုင်တဲ့အတွက် နိုင်ငံတော်အနေဖြင့် များစွာ ဝမ်းမြောက်ရကြောင်း၊ ကျန်းမာရေးကဏ္ဍရဲ့ အဓိကလုပ်ငန်းများမှာ သူနာပြု/သားဖွားများဟာ အဓိကအခန်းကဏ္ဍမှ ပါဝင်ကြသူများဖြစ်ပြီး ပြည်သူလူထုအတွင်း ပြည်သူလူထုနှင့် တစ်သားတည်းဖြစ်အောင် ကျေးလက်ဒေသအောက်ခြေထိ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်သူများဖြစ်ကြောင်း" ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောင်းအုပ်ဆရာမကြီးက (ပထမ)အကြိမ်မြောက် သူနာပြုဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်းခံရသော သင်တန်းသား/သူများအား အသက်မွေးဝမ်းကြောင်းဆိုင်ရာ သိရှိလိုက်နာရမည့် မေးခွန်းများမေးမြန်းခြင်း၊ သူနာပြု သစ္စာအဓိဋ္ဌာန် ရွက်ဆိုခြင်းများ ပြုလုပ်ခဲ့ပြီး အောင်လက်မှတ်စာရင်းများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသွယ်မိုးက လက်မှတ်ရေးထိုးခဲ့ပြီး အောင်လက်မှတ်အပ်နှင်းပွဲ အမှာစကားပြောကြားခဲ့ပြီးနောက် သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်အား သင်တန်းသား/သူ(၁၄)ဦးအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများနှင့်မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေဘို(ပြန်/ဆက်)