သာပေါင်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

သာပေါင်း ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာ‌ပေါင်း) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းခယ်၊ တိုင်းပညာရေးမှူးဦးခင်မောင်ထွေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဒေါ်ယဉ်ဆွေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသန်းနိုင်တို့မှ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားမုခ်ဦးတွင် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကပြဖျော်ဖြေရေးအဖွဲ့များအား ကြည်ရှုအားပေးကာ ဆုများချီးမြှင့်‌ပေးအပ်ခဲ့ကြသည်။

ထို့နောက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် အခမ်းအနားအဖွင့်အမှာစကားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစောလင်းခယ်က ကျောင်းသား၊ကျောင်းသူများ စာကြည့်တိုက်များတွင် စာပေဖတ်ရှုသည့်ဓလေ့ ဖြစ်ထွန်းစေရန် ရည်ရွယ်၍ ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း၊စာပေအစွမ်းဖြင့် စိတ်ကောင်းနှလုံးကောင်းများ တည်ရှိလာမည်ဖြစ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်၊မျိုးချစ်စိတ်နှင့် စာပေချစ်တတ်သည့်စိတ်များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ယခုလိုတက်တက်ကြွကြွ လာရောက်ပါဝင်ဆင်နွဲကြသဖြင့် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ အကများဖြင့်ဧည့်ခံဖျော်ဖြေပြီး အခမ်းအနားပြီးဆုံး၍ ဌာနဆိုင်ရာပြခန်းများ၊ စာအုပ်ဆိုင်များလှည့်လည်ကြည့်ရှုခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစာအုပ်ပြခန်း၊ ကလေးစာဖတ်ခန်း၊ ကလေးများ ရုပ်ပုံဆက်၊ စကားပုံဆက်ပြိုင်ပွဲ၊ စာစီစာကုံး (အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်) ပြိုင်ပွဲ၊ ပညာရေးဌာန သင်ထောက်ကူပြခန်း၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ မြှားပစ်ပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲများအား ကြည့်ရှုအားပေးကြသည်။

အခမ်းအနားကို ၂၆.၁၂.၂၀၂၄ ရက်နေ့မှ ၂၇.၁၂.၂၀၂၄ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများ၊ ဆရာ/ဆရာမ (၅၁၆၀) ဦးတက်ရောက်ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း (၂၂) ကြိမ်မြောက် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)