ငပုတော ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်(Community Centre)ခန်းမ၌ ပလတ်စတစ်အန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငပုတောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နုနုရီက ပလတ်စတစ်၏ အဓိပ္ပာယ်များ၊ ပလတ်စတစ်သည် တစ်ကြိမ်တစ်ခါသာ အသုံးပြုရန် ဖန်တီးထားကြောင်း၊ နေရာတိုင်းဝယ်ယူရရှိနိုင်ခြင်းကြောင့် ကျယ်ပြန့်စွာ သုံးစွဲနေကြောင်း၊ ပလတ်စတစ်၏ အားသာချက်မှာ အစိုဓာတ်နဲ့ အပူဒဏ်အသင့်အတင့်ကို ခံနိုင်ကြောင်းနှင့် ပလတ်စတစ်၏ အားနည်းချက်သည် မီးလောင်လွယ်ပြီး ဆွေးမြေ့ပျက်စီးမှု အချိန်ကြာမြင့်ကြောင်း၊ ပလတ်စတစ် (ကြွပ်ကြွပ်အိတ်)တွင်ပါရှိသည့် ခဲဓာတ်၊ အဆိပ်ဓာတ်၊ ဆိုက်ဇာနှင့် စတိုင်ရင်းဓာတ်များသည် ဓာတုပစ္စည်းများနှင့် ဆိုးဆေးများဖြစ်၍ လူကိုများစွာ အန္တရာယ်ဖြစ်စေနိုင်ကြောင်း၊ ပလတ်စတစ်သည် စက္ကူ၊ သစ်ရွက်၊ သစ်၊ ဝါး စသည့်အော်ဂဲနစ်ပစ္စည်းများကဲ့သို့ ဆွေးမြည့်ကွယ်ပျောက်ခြင်းမရှိဘဲ နှစ်ပေါင်းများစွာ တည်မြဲနေခြင်းကြောင့် မြေကြီးထဲ၊ ရေထဲမှ ဓာတ်များနှင့်ဓာတုဗေဒ တုံ့ပြန်မှုများဖြစ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် ဓာတုဒြပ်ပေါင်းများ ထွက်ရှိလာခြင်း၊ရေထဲတွင် ရေနေသတ္တဝါများသေဆုံးကာ ဂေဟစနစ်ပျက်စီးခြင်းများ ဖြစ်ပေါ်စေကြောင်း စသည့် ပလတ်စတစ်အန္တရာယ်အကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အသိပညာပေး နံရံကပ်စာစောင်တို့ကို တက်ရောက်လာသော ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)