နတ်မောက် ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community centre) အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စာအုပ်စာစောင်ချစ်မြတ်နိုးသူ Book Club နှင့်ပူးပေါင်း၍ စာရေးဆရာ အောင်ကိုဦး၏ “လူငယ်တွေကို လမ်းဖွင့်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဆိုသည့် စကားအတိုင်း ယနေ့လူငယ်လေးများသည် နောင်အနာဂတ်၏ ခေါင်းဆောင်များ ဟုဆိုလျှင် မှန်မည်ဖြစ်ပါကြောင်း၊ အနာဂတ်ခေါင်းဆောင်များဖြစ်မည့် လူငယ်များအနေဖြင့် မမှားတန်သည် သည်ကိုမမှား၊ အယွင်းမရှိရလေအောင် သိလွယ်၊ နားလည်လွယ်၊ သဘောပေါက်လွယ်သော ခေတ်စကား ခေတ်အသုံးတို့ဖြင့် ဆုံးမစာများကို လေ့လာစေချင်ပါကြောင်း၊ ငယ်စဉ်အခါက ပညာမရှာခဲ့၍ ကြီးလာသော အခါ ဒုက္ခရောက်လျှင် သေသောကာလ၌ လင်းတစားခံရသော “ဗာရဏသီပြည် သူဌေးသားပုံဝတ္တု” ထဲက သူဌေးသားကဲ့သို့ မဖြစ်ရလေအောင် မိဘဆရာသမားများ၏ ဆိုဆုံးမမှုများကို လိုက်နာစေချင်ပါကြောင်း၊ စိတ်သည် အစဉ်မကောင်းမှု၌သာမွေ့လျော်တတ်သောကြောင့် စိတ်တည်းဟူသော ဆင်ရိုင်းကို ချွန်းတည်း ဟူသော ဆုံးမစာများ၊ ဆုံးမစကားများဖြင့်သာ အစဉ်ထိန်းချုပ်ပေးသင့်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဒေါ်သင်းသင်းဝေ(ဒု-ဦးစီးမှူး)က “လူငယ်တွေကို လမ်းဖွင့်ပေးပါ” ခေါင်းစဉ်ထဲမှ လူငယ်ဆိုတာ တက်ကြွလန်းဆန်းကြပြီး အားအင်အပြည့် အသက်မွေးဝမ်းကြောင်း အလုပ်တွေမှာ လုပ်ကြရမှာဖြစ်ပါကြောင်း၊ လူငယ်တွေ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်မြင်တဲ့ဘဝတွေ ကိုယ်စီပိုင်ဆိုင်ခွင့်ရစေချင်ရင် လူကြီးတွေက လူငယ်တွေကို ကောက်ကာငင်ကာ ထယုံတာမျိုုး မဟုတ်ဘဲ လူငယ်တွေဖြစ်ချင်စိတ်တွေ စတည်လာကတည်းက ယုံယုံကြည်ကြည်နဲ့ နားထောင်ဖို့၊ လိုအပ်ချက်တွေကို ပံ့ပိုးပေးဖို့ အရေးကြီးပါကြောင်း၊ အားမာန်အပြည့်နဲ့ ကြိုးစားနေတဲ့ လူငယ်များကလည်း မိဘဆရာများ လမ်းဖွင့်ပေးထားသည့်အတိုင်း အောင်မြင်မှုဆုလာဘ်ကို ဆွတ်ခူးနိုင်အောင် မိမိတို့နှစ်သက်သည့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို ကြိုးစားလေ့လာသင်ယူရမှာဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ Book Club လူငယ်များ၊ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းမှ ကျောင်းသား/သူ (၅၂) ဦးတက်ရောက်ခဲ့သည်။
မူမူစန်း