ဂန့်ဂေါမြို့နယ်တွင် ပြည်သူလူထုအခြေပြု ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများ ထိုးနှံပေး

ဂန့်ဂေါ ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြည်သူလူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအနေဖြင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်မှစတင်၍ ဂန့်ဂေါခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် စုရပ်(၂)နေရာခွဲ၍ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံခြင်းကို ဂန့်ဂေါခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ခံ ဒေါက်တာကျော်ကျော်လွင် ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးမှူး ဦးစန်းဝင်း၊ ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ဂန့်ဂေါမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ (၇)နှစ်မကျော်သော(ကျား/မ)ကလေးငယ်များကို ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးနှင့် အသက်(၉)နှစ်မှ (၁၀)နှစ် မကျော် သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများကို ကလေးများ၏ အသက်အရွယ်အလိုက်ထိုးနှံပေးကာ ကာကွယ်ဆေးထိုးမှု အခြေအနေများကို တာဝန်ရှိသူများက ကြည့်ရှုအားပေး ကာလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့ပေါ်(၄)ရပ်ကွက်နှင့် ဂန့်ဂေါမြို့နယ်အတွင်းရှိ အနောက် ဂန့်ဂေါ၊ ရှုံးရှီ၊ ပျား၊ အောင်မြင်၊ မင်းရွာ၊ ပိုဦး၊ မြင်သား၊ နှမ်းခါး၊ ရွှေဘို၊ အလယ်ရွာ ကျေးရွာများနှင့် ထီးလင်းမြို့နယ်မှ ရေမျက်နီ၊ သံပုရာ၊ ဆေးမင်းတော၊ ဇင်းဇယ်၊ ရေပုတ်၊ အင်းနားကျေးရွာများမှ ကာကွယ် ဆေးများကိုလာရောက်ထိုးနှံကြပြီး ကာကွယ်ဆေးများမထိုးနှံရသေးသည့် ကလေးငယ်များကို ဒီဇင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၂၉)ရက်နေ့အထိ နံနက်(၈)နာရီမှ (၁၂)နာရီထိ၊ နေ့လယ်(၁)နာရီမှ (၃)နာရီထိ (၃)ရက်တိုင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)