လွိုင်ကော် ဒီဇင်ဘာ ၁
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ယမန်နေ့က လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ အခြားရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေသူနှင့် လူနာစောင့်အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test စစ်ဆေးခဲ့ရာ လူနာစောင့် အမျိုးသမီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ (ပိုးတွေ့ရှိ)ရကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ အမျိုးသမီးတစ်ဦးမှာ လွိုင်ကော်မြို့၊ နောင်ယား(က) ရပ်ကွက်တွင် နေထိုင်သူ အသက်(၄၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်း၏အမျိုးသားဖြစ်သူ ဗိုက်အောင့်ဝေဒနာ ခံစားရဖြင့် ယမန်နေ့က လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးကုသမှု ခံယူစဉ် လူနာစောင့်အဖြစ် လိုက်ပါဆောင်ရွက်ခဲ့ရာ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံတက်ရောက် သူနှင့် လူနာစောင့်အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးချိန်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်း၏အမျိုးသားဖြစ်သူမှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ(မတွေ့ရှိ)ရကြောင်း သိရသည်။
ရောဂါပိုးတွေ့ရှိသူသည် နိုဝင်ဘာ ၂၉ ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ဆီးဘူး ကျေးရွာရှိ ဆီးဘူးဘုရား ရွှေသင်္ကန်းကပ်လှူရန် သွားရောက်ခဲ့ပြီး ၎င်းနှင့် ထိစပ်ခဲ့သူများအား ယနေ့တွင် ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ အမျိုးသမီးအား လွိုင်ကော်ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်တွင် စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိပြီး လက်ရှိကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိ ကြောင်း သိရှိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)