ဟားခါးမြို့နယ်အတွင်း ပြည်ပနှင့်ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ ရက်ပြည့်သူ (၁၅) ဦးအား Swab နမူနာ(၂) ကြိမ်စီ စစ်ဆေးခဲ့ရာ ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်

ဟားခါး  ဒီဇင်ဘာ  ၁

ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ဟားခါး မြို့နယ်အတွင်း ပြည်ပနှင့် ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ ရက်ပြည့်သူ ၁၅ ဦးအား ရောဂါပိုး မတွေ့ရှိရသဖြင့် ယမန်နေ့က ဟားခါးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များက ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

ဟားခါးမြို့ Facility Quarantine ၁၄ ရက်ပြည့်သူ ၁၄ ဦးကို Swab နမူနာ(၂)ကြိမ်စီ စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ Facility Quarantine ၁၄ ရက်ပြည့်၍ ပြန်လည်စေလွှတ်သူများမှာ ပြည်တွင်းမှ ပြန်လာသူများဖြစ်ကြောင်း၊ Facility Quarantine မှ ပြန်လည် စေလွှတ်ခြင်း ခံရသူများအား တစ်ဦးလျှင် တစ်ရက် ငွေကျပ် (၃၅၀၀) ကျပ်နှုန်းဖြင့် ၁၄ ရက်စာ (၁၄) ဦးအတွက် ငွေကျပ်စုစုပေါင်း ၇၃၅၀၀၀ ကျပ်နှင့် ကျန်းမာကြောင်းထောက်ခံစာများ ထောက်ပံ့ ပေးအပ် ခဲ့ကြပြီး မိမိအိမ်တွင် Home Quarantine ၇ ရက်ထပ်မံ နေရန်များကို တာဝန်ရှိသူများက မှာကြား ခဲ့ကြောင်း သိရှိရသည်။

Facility Quarantine ဝင်ရောက်နေသူများအား ဟားခါးမြို့နယ် ကိုဗစ် - ၁၉  ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များနှင့် လူငယ် Volunteer များပူးပေါင်း၍ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း၊ Facility Quarantine ဝင်ရောက်နေသူများအား ချင်းပြည်နယ် အစိုးရအဖွဲ့မှ တစ်ဦးလျှင် တစ်ရက် ငွေကျပ် (၃၅၀၀) ကျပ်နှုန်းဖြင့် ၁၄ ရက်အတွက် ငွေကျပ် ၄၉၀၀၀ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၅ နှစ်အောက် ကလေးငယ်များနှင့် အသက် ၆၀ အထက် များအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း ထောက်ပံ့ပေး လျက်ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ် - ၁၉  ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

အောင်ခွီရှိန်း ခရိုင်(ပြန်/ဆက်)