တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းအဆင့်(၃)စီမံချက်ဖြင့် ရပ်ကွက်များအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် UID စမတ်ကတ်များ (အခမဲ့)ကွင်းဆင်းပြုလုပ်ဆောင်ရွက်

တနင်္သာရီ ဒီဇင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းညွန့်နှင့်ဝန်ထမ်းများက ဒီဇင်ဘာလ၂၅ ရက်နေ့မှစ၍ ချောင်းငယ်ရပ်ကွက်-ချောင်းငယ်ဘုန်းတော်ကြီးကျောင်း-သုခချမ်းသာဓမ္မာရုံအတွင်း ပန်းခင်းအဆင့်(၃)စီမံချက်ဖြင့် ရပ်ကွက်များအတွင်းရှိ ဒေသခံမိဘပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID စမတ်ကတ်များကို (အခမဲ့)ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် UID စမတ်ကတ်များကို လာရောက်ပြုလုပ်သူများပြားခဲ့ရာ ဒေသခံပြည်သူ အမျိုးသား(၂၈)ဦးနှင့် အမျိုးသမီး(၄၁)ဦး စုစုပေါင်း(၆၉)ဦးဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းဆောင်ရွက်နေမှုများကို အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူနှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် (၁)ဗိုလ်မှူးကျော်ဟန်စိုး၊ အဖွဲ့ဝင်(၂)ဦးကျော်ကျော်ခေါင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်တို့က လာရောက်ကြည့်ရှုကြပြီး ဗိုလ်မှူးကြီးမျိုးမင်းသူက စမတ်ကတ်လာရောက်ပြုလုပ်နေသည့် ဒေသခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)