မြဝတီ ဒီဇင်ဘာ ၂၇
(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ မြဝတီခရိုင် ပညာရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် အမျိုးသား ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက မြို့မ အားကစားကွင်း၌ ကျင်းပခဲ့သည်။
ဦးစွာကျောင်းပေါင်းစုံ ပြိုင်ပွဲဝင်အသင်းလိုက် အားကစားသမားများကကွင်းအတွင်း နေရာယူပြီး နိုင်ငံတော်အလံအလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခြင်းများ ဆောင်ရွက်ပြီးနောက် မြဝတီမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းသည် နိုင်ငံတော်မှ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားကဏ္ဍကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အဆင့်မြှင့်တင် ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်းနှင့် ကျောင်းစာသင်ကြားသင်ယူမှုအပြင် ဘက်စုံထူးချွန်သော အားကစားသမားကောင်းများဖြစ်ရန် လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားပေးပြီး ဘင်ခရာအဖွဲ့နှစ်ဖွဲ့အား ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးသည်။
ထို့နောက်ပြိုင်ပွဲစတင်ကျင်းပခဲ့ရာ အ.ထ.က(ဝါးတော)နှင့် မူလွန်(စောနေစိုးမြ) ကျောင်းတို့မှပြိုင်ပွဲဝင် အားကစားသမားတို့က ကွင်းအတွင်းနေရာယူပြီး မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က ဘောလုံးစတင်ကန်သွင်း ခြင်းဖြင့်ဖွင့်လှစ်ပေးသည်။ အဆိုပါကျောင်းပေါင်းစုံအသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကိုအသင်းအုပ်စု ၁၅ အုပ်စုတို့က ဒီဇင်ဘာ ၂၆ ရက်မှ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ထိ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားကြမည်ဖြစ်၍ နောက်ဆုံးဗိုလ်လုပွဲစဉ်တွင် ဆုရရှိသည့်အသင်းအုပ်စုများအား ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)