ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟိုင်းကြီးကျွန်းမြို့အဝင်နုန်းတား ကျောက်စီလှိုင်းကာဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ပုသိမ် ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၂၅ ရက်နေ့ညနေပိုင်းတွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အဝင် ရေလမ်းကောင်းမွန်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် နုန်းတားကျောက်စီလှိုင်းကာ အလျား ၅၅၀ ပေ ဆောင်ရွက်နေမှု အခြေအနေများနှင့် နုန်းတား ကျောက်စီလှိုင်းကာ တည်ဆောက်ပေးခြင်းအားဖြင့် ဟိုင်းကြီးချောင်းဝတွင် နုန်းအနည်အနှစ်များ ကျရောက်မှုကို တားဆီးပေးနိုင်မည့်အ​ခြေအ​နေများ၊ ဟိုင်းကြီးချောင်းအတွင်း  အဝင်အထွက် သွားလာနေကြသည့် ရေယာဉ်များအနေဖြင့် အချိန်မရွေးသွားလာနိုင်မည့် အ​ခြေ​အနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက် ရန်နှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ တရားတော်နာပရိတ်သတ်များသည် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်ဘုရားရင်ပြင်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူနှင့်မဟာမြိုင်တောရ ဆရာတော် ဘဒ္ဒန္တပညာဇောတ၊ သာသန ဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ အနု​မောဒနာတရား​တော်များ နာယူ ကြည်ညိုခဲ့ကြပါသည်။

ဆက်လက်၍ သဲဖြူနှင့်မဟာမြိုင်တောရ ဆရာ​တော်ကြီးနှင့်အတူ တိုင်းဒေသကြီးဝန်ချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် တိုးချဲ့တည်ဆောက်ပြီးစီးမှုများ၊ စေတီတော်ကြီး အာရုံခံတန်စောင်း ဆောက်လုပ် နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့​သည်။

ဆက်လက်၍ မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် တွင် သဲဖြူနှင့်မဟာမြိုင်တောရ ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ၊ သာသနဓဇဓမ္မာစရိယ၊ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ပရိတ်တရားနာယူခြင်းနှင့် ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ပွဲအား ယ​နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်း​ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဘုရားဖူးပြည်သူများ တက်ရောက်ကြည်ညို လောင်းလှူပူဇော်ခဲ့ကြသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ငါးပါးသီလခံယူ​ဆောက်တည်ကြပြီး ဆရာတော်ကြီးထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီးနောက် ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ ဆရာတော်ကြီးအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ လောင်းလှူ ပူဇော်ပွဲအားကျင်းပရာ ဆရာတော်ကြီးအမှူးပြုသော မြတ်မော်တင်တောင်ခြေနှင့် အနီးဝန်းကျင် ကျေးရွာများတွင် သီတင်းသုံးတော်မူကြသည့် ရဟန်း၊ သာမဏေ အပါး (၁၇၀)ကျော်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အလှူရှင်များ၊ ဌာနဆိုင်ရာများနှင့် ဘုရားဖူးပြည်သူများမှ ဆွမ်းသပိတ်၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများလောင်းလှူခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဌာနဆိုင်ရာများ၊ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ “တိုင်း​ဒေသကြီးအတွင်းရှိ ဘုရား​စေတီ ပုထိုးများ၊ မြို့၊ ရွာများ သန့်ရှင်းသာယာလှပ​ရေး၊ ပန်း​ပေါင်း​ဝေဆာပြီး စိမ်းလန်းစို​ပြေသည့် ​ဒေသများ​ဖြစ်​စေ​ရေးအတွက် စဥ်ဆက်မပြတ် ​ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ မြတ်မော်တင် စေတီတော်မြတ်ကြီးရင်ပြင်နှင့် ဘေးပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပ၍ စိမ်းလန်း စိုပြေစေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လာမည့် မြတ်မော်တင်စွန်း ဘုရားပွဲတော်အား ပိုမိုစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဘုရားဖူးဧည့်သည်များ များပြားစွာ လာရောက်လည်ပတ်​နေပြီဖြစ်သောကြောင့် သန့်ရှင်းမှုကို အလေးထားဆောင်ရွက်ရန်လို​အပ်ပြီး အမှိုက်များစွန့်ပစ်နိုင်ရန်အတွက် အမှိုက်ပုံးများ စနစ်တကျ စီစဉ်ထားရှိရမည်ဖြစ်ပါကြောင်း၊ ဆက်လက်​ဆောင်ရွက်​နေသည့် တည်​ဆောက်​ရေးလုပ်ငန်းများ မြန်မာမှုလက်ရာများ ​ကောင်းမွန်သပ်ရပ်မှုရှိ​စေ​ရေး၊ အရည်အ​သွေး​ပြည့်မီ​စေ​ရေး၊ အချိန်မီပြီးစီး​စေ​ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်း​စေ​ရေးနှင့် လုပ်ငန်းခွင်သန့်ရှင်းသပ်ရပ်မှုရှိ​စေ​ရေး အ​လေးထား​ဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း၊ စေတီ​တော်မြတ်ကြီး၏ ​သာသနိကအ​ဆောက် အဦများ ​ရေရှည်တည်တံ့ခိုင်မြဲ​စေ​ရေးအတွက် အားလုံးဝိုင်းဝန်းထိန်းသိမ်း​ဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း” မှာကြားခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ တိုင်း​ဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့သည်။

ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ​စေတီ​တော်မြတ်ကြီး၏ ​တောင်အရပ် အာရုံခံတန်​ဆောင်း  ၄၅'×၆၀' အမိုးစလပ်​လုပ်ငန်း​ဆောင်ရွက်​နေမှု၊ အ​ရှေ့အရပ် အာရုံခံတန်စောင်း ၄၅'×၆၀' အမိုးစလပ်​လုပ်ငန်း ​ဆောင်ရွက်​နေမှု၊ အများသုံး ​ရေချိုးခန်းနှင့် သန့်စင်ခန်းလုပ်ငန်း​ဆောင်ရွက်​နေမှု၊ ၁၂၁'×၅၇' သာသနာ့ဗိမာန်(၃)ထပ်ကျောင်းဆောင် ဆောက်လုပ်နေမှု၊ ကားပါကင်နှင့် မြေထိန်းနံရံ ဆောက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအရည်အ​သွေးပြည့်မီ​စေ​ရေးနှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျောက်စီလှိုင်းကာတည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရေအရင်း အမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ကျောက်စီလှိုင်းကာ အလျား ၂၀၇ ပေ ဆောင်ရွက်နေမှုအခြေအနေနှင့် ပင်လယ်ရေလှိုင်းရိုက်ခတ်တိုက်စားမှုမှ ကာကွယ်ပေးနိုင်မည့် အ​ခြေအ​နေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေရှည်တည်တံ့စေရေးအတွက် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့​ကြောင်း သိရှိရပါသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)