သာပေါင်းမြို့နယ် ပျဉ်းမထုံး၊ ကွက်ပြင်ကျေးရွာအုပ်စုတို့တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်

သာပေါင်း ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ပျဉ်းမထုံးကျေးရွာအုပ်စုနှင့် ကွက်ပြင်ကျေးရွာအုပ်စုတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယမန်နေ့ဒီဇင်ဘာလ ၂၆ ရက်နေ့က ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြကြောင်း သိရသည်။

ထိုသို့လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရာတွင် အဖွဲ့အမှတ်(၁)ဖြင့် ဒီဇင်ဘာလ ၂၆ ရက်နေ့၊မွန်းလွှဲ ၁ နာရီအချိန်က ပျဉ်းမထုံးကျေးရွာအုပ်စု၊ ပျဉ်းမထုံးကျေးရွာတွင် ဒေသခံပြည်သူ(၁၂၀)ဦး၊ မွန်းလွဲ ၃ နာရီအချိန်က ကွက်ပြင်ကျေးရွာအုပ်စု၊ ဆိပ်ဖူးကုန်းကျေးရွာ၌ ဒေသခံပြည်သူ(၂၀၀)ဦးတို့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုးနှင့် ဌာနဆိုင်ရာများက တွေ့ဆုံကြပြီး တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေးကြီးကြပ်အဖွဲ့ ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ် ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ်စီးနှင်းပါက ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ စနေနေ့တိုင်း နေအိမ်အလိုက်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များမေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း‌ဖြေကြား ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း