ထားဝယ် ဒီဇင်ဘာ ၂၇
၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးနိုင်ရန် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း၊ အဓိကအနေဖြင့် ပျော်ပွဲရွင်ပွဲများ၊ အားကစားပြိုင်ပွဲများ ညနေပိုင်းတွင် စတိတ်ရှိုးကဏ္ဍများဖြင့် စည်းကာသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့သည်နိုင်ငံတော်အတွက် အထွဋ်အမြတ်ထားသော နေ့တစ်နေ့ဖြစ်သောကြောင့် အခမ်းအနား အားခမ်းနားထည့်ဝါစွာဖြင့် ပြုလုပ်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ လွတ်လပ်ရေးနေ့အခမ်းအနား သန့်ရှင်းသန့်ရပ်စွာဖြင့် စနစ်တကျကျင်းပနိုင်ရေးအတွက် တက်ရောက်လာသူများအနေဖြင့် ကြိုတင်ပြင်ဆင်စီစဉ်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ကြိုဆိုနေရာချထားရေးနှင့်ပို့ဆောင်ရေး၊ စစ်ရေးပြလုပ်ငန်း၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ပြခန်းများခင်းကျင်းပြသရေး၊ သစ်သီးဝလံများပြိုင်ပွဲကျင်းပရေး၊ မွေးမြူရေးပြိုင်ပွဲ၊ မိခင်နှင့်ကလေးပြိုင်ပွဲ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း၊ ပျော်ပွဲရွင်ပွဲများနှင့်အားကစားပြိုင်ပွဲများကျင်းပရေး စသည့် လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်