မင်းဘူး ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မာရေး ဆောင်းနေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်တန်းကျေးရွာအုပ်စု၊ ရေမြက်ကျေးရွာ ကွင်းအမှတ် (၁၃၀၄) ရှိ ဒေသခံတောင်သူ ဦးအောင်ဆန်းဝင်း၏ ယာမြေ ၃ ဧက၌ စိုက်ပျိုးထားသော (ရေဆင်းစပ်မျိုး-၁) ဆောင်းနေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်းသို့ ရောက်ရှိပြီး အဆိုပါ စိုက်ခင်းအတွင်း နေကြာသီးနှံအား အဖိုးတစ်တန်း အမလေးတန်း ကြောင်းဆွဲ စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးထားရှိမှု၊ မြေခံမြေဩဇာသုံးစွဲပြီး ပေါင်းမြက်နှိမ်နင်းကာ သားခွဲခြင်း ဆောင်ရွက်ထားရှိမှု၊ သဘာဝရွက်ဖျန်းဆေး သုံးစွဲပြီး စနစ်တကျ စိုက်ထားရှိမှုနှင့် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး ရှင်းလင်းဆောင်၌ ကျောက်တန်း၊ ကန်ရေနှင့် ရေမြက်ကျေးရွာတို့မှ ဒေသခံ တောင်သူများနှင့်တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသတွင်း သီးနှံစိုက်စွမ်းအား တိုးတက် မြင့်မားရေး နှစ်အလိုက် အရှိန်အဟုန်မြှင့် တိုးချဲ့ဆောင်ရွက်နေမှုများ၊ သီးနှံစိုက်ပျိုးချိန်တွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်ရရှိရေး၊ မျိုးကောင်း မျိုးသန့်းများ ရွေးချယ်သုံးစွဲရေး၊ သဘာဝမြေဆွေးနှင့် သဘာဝရွက်ဖျန်း အားတိုးဆေးများ စနစ်တကျ ပြုလုပ်သုံးစွဲရေး၊ စိုက်ပျိုးရေးသွင်းအားစု ကုန်ကျစရိတ် သက်သာစေရေး နည်းလမ်းများ၊ ကွင်းဆင်း ပညာပေးဆောင်ရွက်နေမှုများနှင့် သီးနှံစိုက်တောင်သူများအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စိုးလင်းမှ မြို့နယ်အတွင်း၌ လယ်ယာကဏ္ဍ သီးနှံစုံ စိုက်ပျိုးထုတ်လုပ်နေမှု၊ နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် အဓိကသီးနှံများနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးထားရှိမှု၊ သီးနှံအထွက်နှုန်းရရှိမှု အခြေအနေများ၊ ကျေးရွာသုံးရွာမှ ဒေသခံတောင်သူများက လယ်ယာစိုက်ပျိုးရေးကဏ္ဍ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး၊ လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်စေရန် ရွာအဝင်လမ်းနှင့် မိန်းလမ်းမများတွင် ရေကျော်တံတာငယ်များ တည်ဆောက်ပြုပြင်ပေးနိုင်ရေး၊ မြေအောက်ရေရရှိရေး ဆိုလာရေတင်စနစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေးနှင့် ဒေသဖွံဖြိုးရေးကဏ္ဍ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းနေကြာသီးနှံကို (၂၉၇၈၈) ဧက စိုက်ပျိုးထားရှိသည့်အနက်မှ ဒေသခံ အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်းကာ ဆောင်းနေကြာသီးနှံ မျိုးစေ့ထုတ်စိုက်ခင်းအဖြစ် ဆင်းရွှေကြာ-၂ ဧက (၃၀)နှင့် ရေဆင်းစပ်မျိုး-၁ (၁၅) ဧက စုစုပေါင်း (၄၅) ဧကကို အကောင်းအထည်ဖော် စိုက်ပျိုးဆောင်ရွက်ထားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)