အိမ်မဲ ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြု တီဘီရောဂါရှာဖွေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၁)ရွှေညီလာခန်းမဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းများကို အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အ.ထ.က(၁)ကျောင်းတွင် KG မှ Grade-12 အထိ ကျောင်းသား/သူများအား တီဘီရောဂါရှာဖွေခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
အလားတူ အိမ်မဲမြို့နယ်အတွင်း အ.ထ.ကကျောင်း(၄)ကျောင်း၊ မူလွန်(၂)ကျောင်း၊ အ.လ.ကကျောင်း(၂)ကျောင်း၊ အ.မ.ကကျောင်း(၁၂) ကျောင်းတို့တွင်လည်း အဆိုပါလုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ကြသည်။
အိမ်မဲမြို့နယ်အတွင်း အခြေခံပညာကျောင်း စုစုပေါင်း(၂၀၀)တွင် ကျောင်းသား/သူများ တီဘီ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် စောလျှင်စွာရှာဖွေဖော်ထုတ် ကုသနိုင်ရေးအတွက် ရည်ရွယ်ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့မှ လကုန်ရက်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင် ပြောကြားချက်အရ သိရသည်။
ချစ်သက်လယ်