မင်းဘူး ဒီဇင်ဘာ ၁
မြန်မာတို့ရဲ့ စံပြရွာလို့ခေါ်လောက်တဲ့ ရေပုတ်ကြီးရွာဟာ ပွင့်ဖြူမြို့ ရှောက်တောရွာမှ ၈ မိုင်ကွာဝေးပြီး တမံဘောင်အတိုင်း ကားဖြင့်သွားပါက ၂၅ မိနှစ် နာရီဝက်လောက် မောင်းရသည်။ ရေပုတ်ကြီး ရွာလို့ခေါ်ရတဲ့ အကြောင်းရင်းက ရှေးယခင်က ရွာ၏အရှေ့ဘက်မှာရှိတဲ့ ကန်ကြီးဟာ ငှက်တစ်ကောင်ရဲ့ အစာဇလုတ်ပုံစံ ဖြစ်နေတာကြောင့် ရေဇလုတ်ကြီးရွာရယ်လို့ အမည်မှည့်ခေါ်ရာမှ ကာလရွေ့ လျောလာသည့်အခါ ရေပုတ်ကြီးရွာ ဖြစ်လာလေသည်။
အိမ်ခြေပေါင်း ၆၇၃ အိမ်၊ အိမ်ထောင်စုပေါင်း ၆၂၂ စု၊ လူဦးရေ ၃၄၀၀ ရှိကာ ဆံရစ်ဝိုင်းထားသူဦးရေ ၇၀၀ ကျော် ရှိကြောင်းရေပုတ်ကြီးရွာ အုပ်ချုပ်ရေးမှူး ဦးလူဝင်းထံမှ သိရသည်။ ရေပုတ်ကြီးရွာမှာ ရှေးရိုးအစဉ်အလာအတိုင်း ဆံရစ်ဝိုင်းပုံစံလေးတွေ ထားခဲ့ကြတာ နှစ်ပေါင်း ၂၀၀ ဝန်းကျင်လောက် ရှိပြီဖြစ်ကြောင်း ရွာမှရှေးမှီ နောက်မှီ အဘိုးအဘွားများထံမှ သိရသည်။
ရှေးယခင် အဘိုးအဘွားတွေ လက်ထက်ကတည်းက ထားခဲ့တဲ့ရိုးရာဓလေ့ ဆံရစ်ဝိုင်းဟာ နဖူးထိပ် ဆံပင်မှစ၍ ဦးခေါင်းပတ်လည် စက်ဝိုင်းပုံစံရစ်ဖွဲ့ထားသော ဆံစလေးများကို အောက်ကိုအတန်းလိုက် ချထားပြီး အပေါ်ဘက်မှ ဆံပင်များကို စုထုံးဖို့ရာ လှန်ပြီးတင်ထားရသည်။ တနည်းအားဖြင့် ဆံရစ်ဝိုင်းပုံဟာ ကလေးဆန်ဆန် ပုံစံဖြစ် နေတော့သည်။
ကလေးတွေ အသက် ၅နှစ် သားသမီးမှစတင်ကာ ဆံရစ်ဝိုင်းပုံထားကြပြီး ထိုပုံစံဟာ ဟိုယခင် အဘိုးအဘွားများ လက်ထက်က ရိုးရာဓလေ့တခုဖြစ်ပြီး ဆယ်ကျော်သက် ၁၅/၁၆ အရွယ်ရောက်လာတဲ့အခါမှာတော့ ဆံပင်ကို အုံလုံးသိမ်းကာ ဆံထုံးတွေ၊ ဆံတောက်တွေနဲ့ မိမိတို့စိတ်ကြိုက် အလှတွေပြင် ပန်းတွေသီကုန်းကြပြီး ရိုးရာမပျက် နေထိုင်ကြတော့သည်။
ကျောင်းနေအရွယ် ကလေးငယ်ပေါင်း ၇၂၀ ဝန်းကျင်လောက်ဟာ ယခုအချိန်အထိ ဆံပင်ပုံကို ဆံရစ်ဝိုင်း ပုံလေးတွေထားကြကြောင်း သိရသည်။ ဆံရစ်ဝိုင်းပုံလေးများကို ယောကျ်ားလေးရော မိန်းကလေးများပါ ထားကြပြီး ယောကျ်ားလေးများ ရှင်ပြုသင်္ကန်းဝတ်သည့်အခါ ဆံပင်ကိုရိတ်ကြပေမဲ့ ကိုရင်လူထွက်သည့်အခါ ဆံရစ်ဝိုင်းပုံ ပြန်ထားကြလေသည်။
သို့ပေမဲ့ ယောကျ်ားလေးများ အရွယ်ရောက်လာသည့်အခါ ဆံပင်ကိုဘိုကေပုံစံထားကြပြီး မိန်းကလေး များ အိမ်ထောင်ရက်သားများ ကျသည့်အခါမှာတော့ ဆံပင်ကို အရွယ်ကြီးသည့် အမျိုးသမီး ကြီးများကဲ့သို့ အုံလုံးသိမ်း ထားကြပြန်တော့သည်။ မည်သို့ပင်ရှိစေကာမူ ရှေးခေတ် ကျေးလက်ဒေသ တောရွာများရဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်များကို မကွယ်ပျောက်စေဘဲ ဆံရစ်ဝိုင်း ဆံပင်ပုံစံလေးများကို ထိန်းသိမ်းလျက်ရှိကြသည့် ပွင့်ဖြူမြို့နယ် ရေဇလုတ်ကြီးကျေးရွာ( ခေါ် ) ရေပုတ်ကြီးရွာကို ဆံရစ်ဝိုင်းရွာဟု တင်စားဂုဏ်ပြု လိုက်ရပါတော့သည်။
ဇေယျာထက် (မင်းဘူး)