မင်းဘူး(စကု)မြို့နယ်၌ သရဝဏ်စာကြည့်တိုက်နှင့် လင်းရောင်ခြည်စာကြည့်တိုက် အဆောက်အအုံအသစ် နှစ်လုံးဖွင့်လှစ်

မင်းဘူး ဒီဇင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်းသားလူငယ်များ စာအုပ်စာပေများကို အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် စာပေဖတ်ရှုလေ့လာပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးသည့် ကြီးပင်ကန်ကျေးရွာရှိ သရဝဏ်စာကြည့်တိုက်နှင့် တောင်မန်းစံပြကျေးရွာရှိ လင်းရောင်ခြည် စာကြည့်တိုက် အဆောက်အအုံအသစ် နှစ်လုံးကို ဒီဇင်ဘာလ (၂၅) ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ် ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စာကြည့်တိုက်အဆောက်အအုံအသစ် နှစ်တိုက်ကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ၊ ပရိဘောဂများ ဖြည့်တင်းထားရှိမှုနှင့် ခင်းကျင်းပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများ၊ ကျောင်းသားလူငယ်များနှင့်တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုဖွင့်လှစ်ပေးသော စာကြည့်တိုက်များအား  အကျိုးရှိရှိအသုံးချပြီး ယနေ့ခေတ်လူငယ်များအနေဖြင့် ဗလငါးတန် ဖွံ့ဖြိုးတိုးအောင်ဆောင်ရွက်၍ စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျ ရှင်သန်လည်ပတ်ဆောင်ရွက်ရေး၊ ပရိဘောဂ၊ စာအုပ်၊ စာစောင်များ ပျက်စီးပျောက်ဆုံးမှု မရှိစေရေးနှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းပြီး  ပူပေါင်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့ပြီးနောက် တာဝန်ရှိသူများက စာကြည့်တိုက်နှင့်ပတ်သက်သည့် အချက်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဖျော်ဖြေရေးအဖွဲ့အတွက် ဂုဏ်ပြုဆုငွေများကို ပေးအပ်ခဲ့သည်။

ထိုသို့ဆောက်လုပ်ရာတွင် ကြီးပင်ကန်ကျေးရွာရှိ သရဝဏ်စာကြည့်တိုက်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မတည်ငွေ ကျပ်သိန်း (၁၅၀)၊ ဒေသခံပြည်သူများမှ ထည့်ဝင်ငွေ ကျပ်သိန်း (၅၀)၊ အလှူရှင်များမှ လျှပ်စစ်မီးတပ်ဆင်ခြင်းအတွက် ငွေကျပ် (၇) သိန်း၊ စာကြည့်တိုက်ရေရှည် တည်တံ့လည်ပတ်နိုင်ရေးအတွက် ငွေပဒေသာပင် (၃) သိန်းကျပ်ဖြင့်လည်းကောင်း၊ အလားတူ တောင်မန်းစံပြကျေးရွာရှိ လင်းရောင်ခြည်စာကြည့်တိုက်အတွက် မြန်မာနိုင်ငံစာကြည်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေ ကျပ်သိန်း (၁၅၀)၊ ဒေသခံ ပြည်သူများမှ ထည့်ဝင်ငွေ ကျပ်သိန်း (၅၀)၊ လှူရှင်များမှ လျှပ်စစ်မီးတပ်ဆင်ခြင်းအတွက် ငွေကျပ် (၅) သိန်း၊ စာကြည့်တိုက်ရေရှည်တည်တံ့လည်ပတ်နိုင်ရေးအတွက် ငွေပဒေသာပင် (၂) သိန်းကျပ်တို့ဖြင့် အကောင်အထည်ဖော် ဆောက်လုပ်ပေးနိုင်ခဲ့သည်။

မင်းဘူးခရိုင်၌ ယခုဘဏ္ဍာနှစ်တွင် ရပ်ကွက်နှင့် ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် မြန်မာနိုင်ငံစာကြည်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ တစ်တိုက်လျှင် မတည်ငွေ ကျပ်သိန်း (၁၅၀) နှုန်းဖြင့် စာကြည့်တိုက်ပေါင်း (၄) တိုက်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်တိုက်လျှင် မတည်ငွေ ကျပ်သိန်း (၁၅၀) နှုန်းဖြင့် စာကြည့်တိုက် (၂) တိုက် စုစုပေါင်းစာကြည့်တိုက် (၆) တိုက်ကို အောင်မြင်စွာ ဆောက်လုပ်ပေး နိုင်ခဲ့ပြီးဖြစ်ကြောင်း မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)