လက်ပံတန်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အုန်းပင်စုကျေးရွာ ဂဝံလမ်းခင်းခြင်းနှင့် ရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

လက်ပံတန်း ဒီဇင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၅ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကန်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ ရွာတွင်းဂဝံလမ်းခင်းခြင်းနှင့် ရေသန့်စင်စနစ်တပ်ဆင်ခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးလွင်က မိမိတို့ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မိမိတို့တွင် တာဝန်ရှိသည်ဆိုသည့်အတိုင်း ကျေးရွာတွင်း မြေနီလမ်းနှင့် ရေသန့်စင်စက် ရေရှည်တည်တံ့ရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်စိုးက စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရေကန်ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဂဝံလမ်းနှင့်ရေသန့်စင်စက် ဆောင်ရွက်ပေးမှုအတွက် ကျေးရွာပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်‌ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌နေမင်းအောင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးသက်စိုးတို့က ကျေးရွာမြေနီလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အရှည်ပေ ၂၀၀၀၊ အကျယ်၁၂ပေနှင့် ၆ လက်မထုရှိ အုန်းပင်စုကျေးရွာ မြေနီလမ်းနှင့် ရေသန့်စင်စက်ကို လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းမှ ငွေကျပ် ၁၅ သန်းနှင့် ကျေးရွာပြည်သူတို့မှ (ပစ္စည်း/လုပ်အား) ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများ၏ လမ်းပန်းဆက်သွယ်သွားလာရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေးနှင့် ပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် တစ်ဖက်တစ်လမ်းမှ အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)