မုံရွာ ဒီဇင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ-သူနာပြုသားဖွားသင်တန်းကျောင်း (အဌမ)အကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ၅ ထပ်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မုံရွာဆေးရုံအုပ်ကြီး၊ သူနာပြုသားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က သူနာပြုသားဖွားသင်တန်း ကျောင်းမုံရွာသည် မိမိတို့တိုင်းဒေသကြီးအတွက် အရည်အသွေးပြည့်မီသည့် သူနာပြု ဆရာ/ဆရာမများအား မွေးထုတ်ပေးနေပြီး လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် သင်တန်းကျောင်းကြီးတစ်ခု ဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သူနာပြုဆရာ/ ဆရာမများ၏ အရည်အသွေးမြင့်မားရေး၊ ကျင့်ဝတ်နှင့်အညီ ပြုစုစောင့်ရှောက်မှုပေးနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အောင်လက်မှတ်များ အပ်နှင်းခံရပြီးနောက် လုပ်ငန်းခွင်သို့ဝင်ရောက်သည့်အခါ သူနာပြုဆရာ/ ဆရာမများအားလုံး အပြန်အလှန်လေးစားမှုဖြင့် အသင်းအဖွဲ့စိတ်ဓါတ်ဖြင့် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက မုံရွာ-သူနာပြု သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီးထံ ချီးမြှင့်ငွေကျပ် - ၁၀ သိန်းအား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် မုံရွာ-သူနာပြုသားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက သင်ကြားရေးတာဝန်ခံ ဆရာမကြီးထံ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သင်တန်သား/သူများနှင့် စုပေါင်းမှတ် တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)