ကသာမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကျင်းပ

ကသာ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

စာစီစာကုံးပြိုင်ပွဲ၌ အထက်တန်းဆင့်တွင် “လွတ်လပ်ရေးနှင့်အနာဂတ်မြန်မာ”၊ အလယ်တန်းဆင့်တွင် “ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ လွတ်လပ်ရေးကိုကာကွယ်စို့” မူလတန်းဆင့်တွင် “လွတ်လပ်ရေးနေ့ တို့မမေ့”ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ကဗျာပြိုင်ပွဲ၌ အထက်တန်း ဆင့်တွင် “လွတ်လပ်ရေးနှင့်သမိုင်းပေးတာဝန်” အလယ်တန်းဆင့်တွင် "ထာဝစဉ်မမေ့အပ်တဲ့ ရာဇဝင်နေ့မြတ်"ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ပန်းချီပြိုင်ပွဲ၌ အထက်တန်းဆင့်တွင်" ဘိုးဘွားချစ်အမွေအစဉ်ထိန်းစို့လေ"၊ အလယ်တန်းဆင့်တွင် "ဘိုးဘွားအ‌ေမွနှင့် လူငယ် တာဝန်"၊ မူလတန်းအဆင့်တွင်" လွတ်လပ်‌ရေးအောင်ပွဲ တို့ဆင်နွှဲ" ခေါင်းစဉ်များဖြင့် လည်းကောင်းအသီးသီး ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲ များတွင် ကျောင်းသား/ ကျောင်းသူများ၏ ယှဉ်ပြိုင်နေမှုတို့ကို ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌ကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲများတွင် ကသာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၉၅) ဦးတို့ပါဝင် ယှဉ်ပြိုင်ကြကြောင်းနှင့် ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲလင်းထွန်း(ကသာ)