ကသာ ဒီဇင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ဧရာရွှေလီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကသာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပိုက်ကျော်ခြင်း အသင်း(၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အုပ်စုပတ်လည်အားကစားပြိုင်ပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အားကစားအသင်းနှင့် အ.ထ.က(ခွဲ) အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အားကစားအသင်းတို့ ယှဉ်ပြိုင်ကြရာ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း အားကစားအသင်းကလည်းကောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အားကစားအသင်းနှင့် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း အားကစားအသင်းတို့ ယှဉ်ပြိုင်ကြရာတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အားကစားအသင်းက လည်းကောင်း၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း အားကစားအသင်းတို့ ယှဉ်ပြိုင်ကြရာ တွင်အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း အားကစားအသင်းက အနိုင်ရရှိကြ၍ (အကြိုဗိုလ်လုပွဲ)သို့ တက်ရောက်သွားခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အဆိုပါအခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ ကျောင်းသား/ ကျောင်းသူများ၊ အားကစားပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ မြို့ပေါ်ရှိရပ်ကွက်များမှ ပြည်သူတို့က တက်ရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)