ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံရာသီကစိုက်ပျိုးခဲ့သည့် ချည်မျှင်ရှည်ဝါသီးနှံ ၂၄၅၇ ဧကထိ သိမ်းဆည်းပြီးစီးဖြစ်

ပွင့်ဖြူ  ဒီဇင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ချည်မျှင်ရှည်ဝါသီးနှံ ၂၄၅၇ ဧကထိ သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ ၏ ပြောကြားချက်အရ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်ရည်ရွယ်ပြီး ချည်မျှင်ရှည်ဝါသီးနှံ ၅၈၁၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအခါ သီးနှံသိမ်းဆည်းချိန်ရောက်ရှိလာပြီဖြစ်သဖြင့် ဒေသခံတောင်သူများက ယခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်က စတင်သိမ်းဆည်းခဲ့ရာ ယနေ့ထိ ဝါသီးနှံ၂၄၅၇ ဧက သိမ်းဆည်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့တဲ့ ချည်မျှင်ရှည်ဝါသီးနှံ စိုက်ခင်းတွေဟာ သိမ်းဆည်းချိန် ရောက်ရှိလာပြီဖြစ်လို့ ဒေသခံတောင်သူတွေက ယခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်က စတင်သိမ်းဆည်းခဲ့ပြီး ဒီနေ့ထိ ၂၄၅၇ ဧက သိမ်းဆည်းပြီးစီးပြီ ဖြစ်ပါတယ်။ ချည်မျှင်ရှည်ဝါသီးနှံက ဈေးကွက်ရှိတာကြောင့် ဒေသခံတောင်သူတွေက မိုးဦးနဲ့ မိုးနှောင်းမှာ  အားထားစိုက်ပျိုးကြပါတယ်။ ဝါသီးနှံ သိမ်းဆည်းရာတွင် အထွက်နှုန်းလျော့နည်းမှုမရှိအောင် အချိန်မီရိတ်သိမ်းနည်းပညာနဲ့ သိမ်းဆည်းပြီးတဲ့ ဝါသီးနှံတွေ အရည်အသွေးကောင်းမွန်စေရေးစနစ်တကျ ထားသိုထိန်းသိမ်းနည်းပညာများကို တောင်သူတွေ သိရှိလိုက်နာနိုင်ဖို့ အသိပညာပေးတာတွေ ကွင်းဆင်းဆောင်ရွက်ပေးပါတယ်။ ယခုနှစ်မှာ ဝါသီးနှံစိုက်ခင်းတွေက အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ယခင်နှစ်ကထက် အထွက်နှုန်းလည်းကောင်းမွန်ပါတယ်။ တစ်ဧက ၅၂၉ ဒသမ ၈၅ ပိဿာ ထွက်ရှိပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးတောင်သူများကို သီးနှံဝင်ငွေတိုးပွားစေရန်နှင့် အရည်အသွေးကောင်းသော ဝါသီးနှံများထွက်ရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ သီးနှံပိုးမွှားရောဂါကင်းရှင်းရေး ကာကွယ်နှိမ်နည်းလမ်းများစသည့် တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးခြင်းကို ကန်ပြည့်ကျေးရွာ၊ ကျွဲတိကျေးရွာ၊ မဒဲကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာ၊ ကျစ်ကိုင်းကျေးရွာ၊ ရေပုတ်ကြီးကျေးရွာ၊ ချောင်းဆုံကျေးရွာ၊ မဲဇလီကျေးရွာ၊ ဇီးတောကျေးရွာ၊ ကျွဲတံခါးကျေးရွာ၊ ကုလားဟောင်းကျေးရွာ၊ မုန်းမြင့်ကျေးရွာနဲ့ ရေပုတ်လေးကျေးရွာရှိ  ဒေသခံတောင်သူများက သီးနှံဝင်ငွေ တွက်ခြေကိုက်သည့် ချည်မျှင်ရှည်ဝါ ရွှေတောင်(၈) ရွှေတောင်(၁၀) စသည့် ဝါသီးနှံမျိုးများကို  စိုက်ပျိုးခဲ့ကြကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းမွန်ခဲ့သဖြင့်  ချည်မျှင်ရှည်ဝါသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိကာ ယခင်နှစ်ကထက် အထွက်နှုန်းများကောင်းမွန်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)