ဒေးဒရဲမြို့နယ် Community Centre ခန်းမ၌ သတင်းရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်သင်ကြားပေး

ဒေးဒရဲ ဒီဇင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက မိုဘိုင်းဖုန်းဖြင့် သတင်းရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာသင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို  ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဓါတ်ပုံကျွမ်းကျင်-၂ ဦးအေဇာလင်းက မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းအတွက် လိုအပ်သည့် Kinemaster download ဆွဲနည်း၊ Kinemaster အသုံးပြု၍ ဗီဒီယိုဖိုင်တည်းဖြတ်ခြင်း၊ အသံသွင်းခြင်း၊ ဗီဒီယိုဖိုင်လုံးခြင်း(export) စသည့် ဗီဒီယိုတည်းဖြတ်ခြင်းလုပ်ငန်း အဆင့်ဆင့် အကြောင်းနှင့် ဗီဒီယိုရိုက်ကူးရာတွင် သတိထားရမည့် အချက်များကို တက်ရောက်လာသည့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများက ဝန်ထမ်းများအား ပြန်လည်မျှဝေ ဆွေးနွေး ပေးခဲ့သည်။  ယင်းနောက် တက်ရောက်လာသည့် ဝန်ထမ်းများ၏ သိလိုသည့်မေးမြန်းချက်များနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။  

အဆိုပါမိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို ဝန်ထမ်းများအားလုံး သိရှိနားလည်ပြီး သတင်းများရေးသားပေးပို့ရာတွင် ရုံးလုပ်ငန်းများ အဆင်ပြေလျင်မြန်ချောမွေ့ စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ဌာနအသီးသီးက သတင်း လုပ်ငန်းအား စိတ်ဝင်စားသည့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း