ကန်ကြီးထောင့် ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း မီးဘေးလုံခြုံရေး အတွက် လှည့်လည်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းကို ဒီဇင်ဘာလ (၂၄) ရက်နေ့ ညနေပိုင်းက လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ရာတွင် ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး၏လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် နေထိုင်သူပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပေးနှိုးဆော်ရာတွင် မိမိတို့နေအိမ်ပတ်ဝန်းကျင်တွင် လောင်စာအမှိုက်များအား ရှင်းလင်း ထားရန်၊ မီးဖိုများကို လုံခြုံစိတ်ချရအောင် သွပ်ပြားများ ကာရံအသုံးပြုကြရန်၊ မီးဖိုအနီးတွင် လောင်စာပစ္စည်းများ မထားရှိရန်၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်မီးနှင့် ခြင်ဆေးခွေမီးများကို မီးမလောင်စေနိုင်သည့်ပစ္စည်းများအပေါ်တင်၍ အသုံးပြုကြရန်၊ မီးဖိုမီးနှင့်အခြားမီးများ အသုံးပြုလျှင်လည်း သတိနှင့်အသုံးပြုကြရန်၊ အသုံးပြုပြီးလျှင် သေချာစွာ ငြှိမ်းသတ်ခဲ့ရန်၊ လျှပ်စစ်မီးအသုံးပြုပါက ပျက်စီးယိုယွင်းနေသော မီးဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်သည့်ပစ္စည်းများကို အသုံးမပြုကြရန်၊ လျှပ်စစ်မီးအသုံးပြုပြီးလျှင် မီးခလုတ်၊ မီးပလပ်များ ပိတ်ရန်/ဖြုတ်ရန်၊ အပြင်ထွက်သည့်အချိန်တွင် မိမိတို့နေအိမ်၌ အသုံးပြုသည့်မီးများကို သေချာစွာစိစစ်ပြီးမှ သွားလာ ကြရန်၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအား မီးကို အသုံးမပြုစေရန်၊ မီးငြိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ ရေပုံးသဲပုံးများ အသင့်ထားရှိရန်၊ လောင်စာဆီများ စည်းကမ်းမဲ့သိုလှောင်အသုံးပြုခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်ဖုန်း ၁၉၁၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်စခန်း ဖုန်းနံပါတ် ၀၄၂၄၅၂၁၁ များသို့ ချက်ချင်း ဆက်သွယ်သတင်းပို့ရန် အစရှိသည်ဖြင့် အသိပေးနှိုးဆော်ပေးခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးလိုက်လံနှိုးဆော်ပေးခြင်းအပြင် စက်သုံးဆီဆိုင်များ စစ်ဆေးခြင်း၊ ဌာနဆိုင်ရာများ၊ ကျောင်းများနှင့်ဈေးများတွင် မီးသုံးစွဲမှုများအား စစ်ဆေးဆောင်ရွက်ခြင်းနှင့် လက်တွေ့သရုပ်ပြ အသိပညာပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)