ကြံခင်း ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြု တီဘီရောဂါ စမ်းသပ်ရှာဖွေကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ကျော်ခန်းမ၌ ပြုလုပ်သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အ.ထ.က(၁)ကျောင်းသို့ ကွင်းဆင်း၍ ကျောင်းသား၊ ကျောင်းသူ ၈၅၀ ဦးခန့်အား တီဘီရောဂါ လက္ခဏာများနှင့် တီဘီရောဂါဖြစ်ပွား စေတတ်သော အကြောင်းအရာများအား မေးမြန်းခြင်းနှင့်တီဘီရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ကြသည်။ ထိုသို့ဆောင်ရွက်ခြင်းကို ကြံခင်းမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း(၆)ကျောင်း၊ အလယ်တန်းကျောင်း(၂) ကျောင်းနှင့် မူလတန်းကျောင်း(၅)ကျောင်း စုစုပေါင်း ၁၃ ကျောင်းတို့တွင် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်သင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများ တီဘီရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် တီဘီရောဂါပိုး စောစီးစွာ ရှာဖွေဖော်ထုတ်ကုသနိုင်ရန်ရည်ရွယ်ပြီး အခြေခံပညာကျောင်းစုစုပေါင်း (၁၂၄) ကျောင်းအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)