ကြံခင်း ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၁)နာရီက မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေး ဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော စာပေတာဝန်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြံခင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်က အဖွင့် အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့ရာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်က ‘စာပေတာဝန်’ ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး ဒေါ်ခင်မိုးမြင့်က ‘စာဖတ်လို့ပျော်ကြတယ်’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင် ဒေါ်ခင်ဆွေးဝင်းက ‘စာဖတ်ခြင်းဖြင့် ကြီးမြင့်ကြပါရန်’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်စန်းစန်းအေး၊ ဒေါ်ခင်ဆွေဦးနှင့် ဒေါ်ခင်ခင်ချိုတို့က စာအုပ်ပါခေါင်းစဉ် အကြောင်းအရာများဖြင့် ဆက်လက်ဆွေးနွေးကြသည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော အသင်းအဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးကြသည်။
ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်အား စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော အဖွဲ့ဝင် ၂၈ ဦးတို့မှ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)