ကျွန်းလှမြို့နယ်၌ သဘာဝအားဆေးနှင့် ပိုးပြေးဆေးပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြ

ကျွန်းလှ ဒီဇင်ဘာ ၂၆

စစ်ကိုင်း‌တိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဓာတုကင်းလွတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းသီးဟင်းရွက်သီးနှံများ ရရှိစေရန်အတွက် သဘာဝအားဆေးနှင့် ပိုးပြေးဆေးပြုပ်လုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီက ရှမ်းစုကျေးရွာ တောင်သူဦးမျိုးထွန်း၏ ဟင်းသီးဟင်းရွက်သီးနှံစိုက်ခင်း၌ ကျင်းပသည်။

သဘာဝပိုးပြေးဖျော်ရည်ကို အသီး၊ အရွက်၊ အပွင့်၊ အကိုင်းများရဲ့ အဆီအနှစ်များနဲ့ အကျိုးပြုအဏုဇီဝများ ပေါင်းစပ်ပြုလုပ်နိုင်ပါတယ်။ နည်းစနစ်မှန်မှန်သုံးစွဲခြင်းဖြင့် သီးနှံများ ဖျက်ပိုးအန္တရာယ် ကာကွယ်နိုင်ပါတယ်။ ဓာတုဆေးများသုံးစွဲမှုလျော့ချနိုင်ပြီး သဘာဝဆေးများ ပြုလုပ်သုံးစွဲခြင်းကြောင့် ကုန်ကျစရိတ်သက်သာခြင်း၊ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို ထိန်းသိမ်းကာကွယ်ခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် စိုက်ပျိုးရေးပညာရှင်များက သဘာဝအားဆေး၊ ပိုးပြေဆေးပြုလုပ်သုံးစွဲနည်း လက်တွေ့ပြသကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မြိုနယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်သီးနှံများ ကြည့်ရှုလေ့လာခဲ့ကြသည်။

ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းသီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းသီးနှံမျိုးစုံ ၅၇၇ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)