ခန္တီးမြို့၌ စာပေချစ်မြတ်နိုးသူ(Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ခန္တီး ဒီဇင်ဘာ ၂၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနသည် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် အသိပညာပေးလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဗလငါးတန်ဖွံ့ဖြိုးသည့်လူငယ်များဖြစ်လာစေရန်၊ အတွေးအခေါ်များမြင့်မားလာစေရန်၊ စကားပြော စွမ်းရည်များကြွယ်ဝပြီး လူမှုအဖွဲ့အစည်းများနှင့် ပေါင်းသင်းဆက်ဆံတတ်စေရန်စသည့် ရည်ရွယ်ချက် များဖြင့် စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေးခန့်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် ရှင်းလင်းပြောကြားပြီး ခရစ္စမတ်ကျောင်းပိတ်ကာလတွင် အချိန်ကိုအကျိုးရှိစွာအသုံးချကြရန်၊ အားလပ်ချိန်များတွင် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိလာစေရန် စာအုပ်စာပေများလည်း လေ့လာဖတ်ရှုကြရန် သို့မှသာ ဗလငါးတန်ဖွံ့ဖြိုးသည့်လူငယ်များ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါစာဝိုင်းအား ဆရာအောင်ထွယ်ရေးသားထားသည့် လူငယ်အနာဂတ် ခေါင်းဆောင်ကောင်းစာအုပ်ဖြင့် ဆွေးနွေးကြရာ ဒုတိယဦးစီးမှူး ဒေါ်အေးအေးခန့်က ခေါင်းဆောင်မှု သဘောသဘာဝ ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး မအိချွေက ခေါင်းဆောင်ကောင်းစိတ်ဓာတ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မရှုရှန္နက ခေါင်းဆောင်နှင့်ကောင်းမွန်သော အကျင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။

ထို့နောက်တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)