လောက်ကိုင် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့နယ် မဟာမုနိ(ဗဟို) ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်၌ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များစုပေါင်းကာ ( ၂၆ )ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား အား ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာသည့် ဧည့်ပရိတ်သတ်မှ ဆရာတော်ကြီးများထံတွင် ရှစ်ပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများမှ ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ပေးသည်။ ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများမှ ကထိန်လျာသင်္ကန်းနှင့် ကထိန်ပစ္စည်းများ မဲဖောက်ဆပ်ကပ် လှူဒါန်းခြင်းပြုလုပ်ခဲ့ရာ လောက်ကိုင်မြို့ ၊ မန်ချူးတပ်ဦးကျောင်းတိုက်ဦးစီး ပဓန နာယကဆရာတော် စုပေါင်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် မဟာသဒ္ဒမ္မ ဇောတိကဓဇ ၊ သာသနာ့ဓဇဓမ္မာစရိယ ၊ သာသနာ့တက္ကသီလ ဓမ္မာစရိယ ဘဒ္ဒန္တဝေပုလ္လ အရှင်သူမြတ်မှ လှူဒါန်းမှု အစုစုတို့အတွက် သာဓုအနုမောဒနာ တရားချီးမြင့်၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး “ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြပြီး လှူဒါန်းငွေတန်ဖိုး စုစုပေါင်း(၄၄၀)သိန်း ကျော်လှူဒါန်းခဲ့ကြောင်း သိရသည်။
နန်းခွာညိုနှင်း ( ပြန်/ဆက် )